၂၀၁၉ ခုနှစ်၊ (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ စတုတ္ထနေ့ ဆက်လက်ကျင်းပ ကျောက်စိမ်းအတွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ

၂၀၁၉ ခုနှစ်၊ (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထမြောက်နေ့ကို  နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမ တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ (၁၆း၁၅) နာရီတွင် ပြည်သူ့ လွှတ်တော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင် ရာ ကော်မတီ ဥက္ကဌ ဦးစိုးသူရထွန်းနှင့် အဖွဲ့ဝင်များသည် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပနေမှုကို ကြည့်ရှုလေ့လာခဲ့ကြပြီး ပြပွဲဗဟိုကော်မတီ အတွင်းရေးမှူး မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် ပြပွဲဗဟိုကော်မတီဝင် များ၊ လုပ်ငန်းကော်မတီအသီးသီးနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းပြသခဲ့ကြပါသည်။

ယနေ့တွင် ပြည်တွင်းရတနာကုန်သည် (၁၂၃၃) ဦး၊ ပြည်ပရတနာကုန်သည် (၂၇၀၅) ဦး၊ စုစုပေါင်းရတနာကုန်သည် (၃၉၃၈) ဦး တက်ရောက်ခဲ့ကြပြီး ကျောက်မျက်အတွဲ (၅၀၀) တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ အတွဲပေါင်း (၆၉) တွဲကို တန်ဖိုးယူရို (၁.၀၂၄) သန်းဖြင့် ရောင်းချခဲ့ရပါသည်။