၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို ၂.၁.၂၀၂၀ ရက်နေ့မှ ၇.၁.၂၀၂၀ ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ကုမ္ပဏီပေါင်း (၈၁၁) ခုမှ နိုင်ငံသားရတနာကုန်သည် (၂၀၂၃) ဦး တက်ရောက်ခဲ့ပါသည်။

ယနေ့တွင် ကျောက်စိမ်းတွဲ (၁၁၉၅) တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ အတွဲပေါင်း (၁၁၄၁) တွဲကို တန်ဖိုးငွေကျပ် (၁၇၀၇၃.၆၈) သန်းဖြင့် ရောင်းချခဲ့ရပါသည်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် ကျောက်မျက်အတွဲပေါင်း (၂၈၆)တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ (၉)တွဲကို တန်ဖိုးငွေကျပ် (၃၆.၉၂) သန်းဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း (၃၆၉၅) တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ (၃၄၉၁)တွဲကို တန်ဖိုးငွေကျပ် (၅၉၄၅၉.၈၀) သန်းဖြင့်လည်းကောင်း ရောင်းချခဲ့ရပြီး အရောင်းစာရင်းထုတ်ပြန်ခြင်းကို ၇.၁.၂၀၂၀ ရက်နေ့ (၁၆:၀၀) နာရီတွင် နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ နဝရတ်ကိုးသွယ်ဂိတ်ရှိ ရတနာကုန်သည် မှတ်ပုံတင်အဆောက်အအုံ၌ ကျင်းပပြုလုပ်ခဲ့ရာ သတင်းမီဒီယာများ တက်ရောက် သတင်းရယူခဲ့ပြီး တာဝန်ရှိသူများက ရတနာပြပွဲနှင့် ပတ်သက်သည့် ကိန်းဂဏန်းအချက်အလက်များကို ထုတ်ပြန်ပေးခဲ့ပါသည်။

ဓာတ်ပုံ – မြန်မာ့ကျောက်မျက်