ဝန်ထမ်းများ အရည်အချင်းမြင့်မားတိုးတက်မှုနှင့် လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ အရည်အချင်း မြင့်မားတိုးတက်မှုနှင့် လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၄.၂.၂၀၂၀ ရက်နေ့ (၀၉:၀၀) နာရီတွင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးသက်ခိုင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ နည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးသက်ခိုင် က နိုင်ငံတော်အစိုးရ တစ်ခုအနေဖြင့် ချမှတ်ထားသည့် မူဝါဒများကို စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်နိုင်စေရေးအတွက် အစိုးရဌာန/အစိုးရအဖွဲ့အစည်းများကို ဖွဲ့စည်းကြပါကြောင်း၊ အဆိုပါအစိုးရဌာန အစိုးရအဖွဲ့အစည်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများကို ခန့်အပ်ကြပါကြောင်း၊ ခန့်အပ်ထားသော နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူ့ရေးရာစီမံခန့်ခွဲ မှုလုပ်ငန်းများကို လုပ်ဆောင်ကြပြီး အစိုးရ၏ မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ကြရပါကြောင်း၊ မူဝါဒများ အောင်မြင်စေရေးအတွက်စီမံခန့်ခွဲမှုလုပ်ငန်းတွေကို အစိုးရနှင့် ပြည်သူများအကြား ဆက်သွယ်၊ ပေါင်းကူးလုပ်ဆောင်နေကြရသော မိမိတို့လို နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် နိုင်ငံတစ်ခုအတွက် အလွန်အရေးကြီးလှပါကြောင်း၊ ယခု မိမိတို့နိုင်ငံတွင် အစိုးရက မူဝါဒများ ပြောင်းလဲချမှတ်ခဲ့ပြီး ယင်းပြောင်းလဲချမှတ်ခဲ့သည့် မူဝါဒများကို အကောင်အထည်ဖော်ထမ်းဆောင်ကြသည့် နိုင်ငံ့ဝန်ထမ်းကဏ္ဍပြုပြင်ပြောင်းလဲရေးသည် နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် သတ်မှတ်ကာ မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် ၂၀၁၇ – ၂၀၂၀ ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ပြန်ကြေညာထားရှိပါကြောင်း၊ ယင်း မဟာဗျူဟာစီမံချက်တွင် မြန်မာနိုင်ငံက လက်ရှိအချိန်၌ ရင်ဆိုင် ဖြေရှင်း ကြရမည့် နည်းပညာနှင့်လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများ၊ ယင်းစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ရေးအတွက် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လုပ်ငန်းကျွမ်းကျင်မှု ပြည့်ဝရေးတို့အတွက် လုပ်ဆောင်ရမည့် အစီအမံတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါကြောင်း၊ ထို့ပြင် မိမိတို့ ဝန်ထမ်းများအတွက် ချီးမြှင့်မှုနှင့်ပတ်သက်ပြီး ရှိနေသော အလေ့အထဟောင်းတစ်ခုကို စွမ်းဆောင်ရည်ပြည့်ဝမှုကို ဦးစားပေးသည့် လုပ်နည်း လုပ်ဟန်သစ်တစ်ခု အဖြစ် ပြောင်းလဲလုပ်ဆောင်ရန် လိုအပ်မည်ဆိုတာကိုလည်း အဆိုပါ မဟာဗျူဟာစီမံချက်တွင် ဖော်ပြထားပါကြောင်း၊ ယင်းဖော်ပြချက်တွင် ဝန်ထမ်းများ၏ လုပ်ရည်ကိုင်ရည်နှင့် အရည်အချင်းကို အခြေခံပြီး ချီးမြှင့်မြှောက်စားသည့်စနစ်ကို မိမိနိုင်ငံမှာ ထွန်းကားစေရန် အလွန်အရေးကြီးကြောင်းနှင့် အဆိုပါစနစ်ထွန်းကားမှသာ ဝန်ထမ်းများအနေဖြင့် ကြိုးစား အားထုတ် လိုစိတ်များ ပေါ်ပေါက်ပြီး နိုင်ငံ၏ လူသားအရင်းအမြစ် ဖွံဖြိုးတိုးတက်လာစေမည် ဖြစ်သည်ဟု ဖော်ပြထားပါကြောင်း၊ မဟာဗျူဟာစီမံချက်အရ ဖော်ဆောင်ရမည့် လုပ်ငန်းနယ်ပယ် (၄)ရပ်ရှိပါကြောင်း၊ အဆိုပါ လုပ်ငန်းနယ်ပယ် (၄)ရပ်တွင် ပါရှိသည့် နယ်ပယ်တစ်ရပ်မှာ ပြည်သူဗဟိုပြု နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရန် ခေါင်းဆောင်မှု အရည်အသွေးများနှင့် စွမ်းဆောင်ရည် များကို မြှင့်တင်ခြင်းဖြစ်ပါကြောင်း၊ ထို့အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ပြန်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက်တွင် နယ်ပယ်တစ်ရပ်အဖြစ် အရေးပါစွာ သတ်မှတ်ဖော်ပြထားသည့် ဝန်ထမ်းများ၏ ခေါင်းဆောင်မှုအရည်အသွေးများနှင့် စွမ်းဆောင်ရည်များကို မြှင့်တင်ဖို့အတွက် ဖော်ဆောင်မှုအနေဖြင့် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်မည့် အစီအစဉ်များကို မိမိတို့ ဝန်ကြီးဌာနက စတင်ခဲ့ပါကြောင်း၊ ထိုသို့ စီစဉ်ခဲ့သည့်အတွက်လည်း ယခုအခါ ဝန်ထမ်းများ အရည်အချင်း မြင့်မားတိုးတက်မှုနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်းကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ သင်တန်းခန်းမမှာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ နိုင်ငံ့ဝန်ထမ်းအင်အား(၈၀)ဉီးနဲ့ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုသင်တန်း၏ ရည်ရွယ်ချက်များမှာ မိမိတို့ဌာနအတွက် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ထိရောက်စွာ စီမံခန့်ခွဲဆောင်ရွက်ပေးနိုင်ရန်၊ လုပ်ငန်းခွင်အတွင်းမှာ စည်းစနစ်ကျပြီး ကောင်းမွန်သည့် ရုံးလုပ်ငန်းများ ပိုမို ပေါ်ပေါက်လာစေရန်၊ လုပ်ငန်းခွင်အတွင်း တွေ့ကြုံရသည့် အခက်အခဲ၊ ပြဿနာများကို တွေးခေါ် ကြံဆပြီး နည်းလမ်းတကျ ဖြေရှင်းပေးနိုင်သော အရည်အသွေးများ ရရှိလာစေရန် ဖြစ်ပါကြောင်း၊ နိုင်ငံဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်တက်စေမှုအတွက် သက်ဆိုင်သော ရုံးလုပ်ငန်းလက်စွဲ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ လေ့ကျင့်ရေးမူဝါဒနှင့် နိုင်ငံ့ဝန်ထမ်းစနစ်၊ စီမံခန့်ခွဲမှုနှင့် လူမှုဆက်ဆံရေး စသည့် ဘာသာရပ်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ နည်းပြများက ပို့ချ၊ သင်ကြားပေးသွားမှာ ဖြစ်ပြီး ဝန်ထမ်းတစ်ဉီးချင်းစီ၏ အမြင်၊ အတွေးစွမ်းရည်များ မြင့်မားစေရေးအတွက် အထောက်အကူပြုစေနိုင်ရန် Self-Management, Self-Leadership, Emotional Intelligence, Communication Skills, Change Management and Self-Branding စသည့် ဘာသာရပ်များကို Co-Founder & Management Consultant and trainer မှ ပညာရှင်တွေက သင်ကြားပို့ချပေးသွားမည် ဖြစ်ပါကြောင်း၊ ယခုသင်တန်းကို ဖွင့်လှစ်ပေးသည့်အတွက် ဘက်လိုက်မှုများ ကင်းရှင်းပြီး ကောင်းမွန်သော ကိုယ်ကျင့်တရား၊ ခိုင်မာသည့်ကျင့်ဝတ်နှင့် တာဝန်ခံမှုကို တန်ဖိုးထားသော စိတ်ဓာတ်များ ပြည့်ဝသည့် ဝန်ထမ်းများကို မိမိတို့ဝန်ကြီးဌာနက ပိုင်ဆိုင်လာနိုင်မည်ဖြစ်သကဲ့သို့ တက်ရောက်ကြသော သင်တန်းသားများကလည်း မိမိ၏ အနာဂတ် တည် ဆောက်သည့်အခါ အထောက်အပံ့ပေးမည့် အသိများ၊ အတွေးများကို အခွင့်အလမ်းတစ်ခုအဖြစ် ရယူနိုင်ကြမှာ ဖြစ်ပါကြောင်း၊ နိဂုံးချုပ် အနေဖြင့် ယခုသင်တန်းတက်ရောက်ရတာကို တန်ဖိုးရှိသော အခွင့်အလမ်းတစ်ခုအဖြစ် ခံယူတက်ရောက်ကြရန်၊ ယခုသင်တန်းက ဆွေးနွေးပို့ချပေးမည့် ဘာသာရပ်များအပေါ် အာရုံစိုက်ပြီး သင်ယူလေ့လာကြရန်၊ သင်ယူလေ့လာမှုများကို မိမိ၏ အတွေ့အကြုံနှင့် နှိုင်းယှဉ် ချိန်ထိုးပြီး ရလာသော အသိအမြင် အသစ်များကို တစ်ဉီးနှင့်တစ်ဉီး ခင်မင် ရင်းနှီးစွာ ဖလှယ်ကြရန်၊ ထိုသို့ ခင်မင်ရင်းနှီးစွာ ဖလှယ်ကြရင်း သင်တန်းကာလအတွင်း ပျော်ရွှင်စွာ အတူနေထိုင်၊ ဆက်ဆံမှုများမှ သင်တန်းပြီးသည့် နောင်ကာလများမှာ မပြတ်ထိတွေ့ ဆက်သွယ်ကူညီပေးကြမည့် အသိုက်အဝိုင်းလေး တစ်ခု ထူထောင်နိုင်သည်အထိ လုပ်ဆောင်ကြရန်၊ တန်ဖိုးရှိသော သင်တန်းချိန်များ ကို ပျက်ကွက်မှုမရှိစေဘဲ ပျော်ရွှင်စွာ တက်ရောက်ကြရန် မှာကြားလိုပါကြောင်း၊ တက်ရောက်နိုင်ကြမည်ဟု မျှော်လင့်မိပါကြောင်းနှင့် ပို့ချ၊ သင်ကြားပေးမည့် ပညာရှင်၊ နည်းပြများကို တန်ဖိုးထား အသိအမှတ် ပြုပါကြောင်း စသဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာ ဦးသက်ဇော်ဦးက ဝန်ထမ်းများ အရည်အချင်းမြင့်မားတိုးတက်မှုနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း ဖွင့်လှစ်နိုင်ခဲ့သော အခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို (၀၉:၄၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ ဝန်ထမ်းများ အရည်အချင်းမြင့်မားတိုးတက်မှုနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (သတ္တုရေးရာ) ဝန်ကြီးရုံးနှင့် ဦးစီးဌာန/လုပ်ငန်းများမှ အရာထမ်း၊ အမှုထမ်း (၈၀) ဦး တက်ရောက်သင်ကြားကြမည်ဖြစ်ပြီး သင်တန်းကို ၂၄.၂.၂၀၂၀ ရက်နေ့မှ ၂၈.၂.၂၀၂၀ ရက်နေ့ထိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ သင်တန်းခန်းမတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါသည်။

ဓာတ်ပုံ – မြန်မာ့ကျောက်မျက်

ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်