(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့ဆက်လက်ကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၆

၂၀၂၆ ခုနှစ် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ နဝမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်းရတနာကုန်သည်များသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSME)ကို အားပေးမြှင့်တင်ရန်အတွက် ခင်းကျင်းပြသထားသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုစစ်ဆေးကြသည်။

ယနေ့ပြပွဲတွင် အုပ်စု (စီ) မှ ကျောက်စိမ်းအတွဲများ အနက် အတွဲအမှတ် (၁၆၀၆) မှ (၂၃၅၅)အထိ အတွဲ (၇၅၀) ၏ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက စစ်ဆေးကာကျောက်စိမ်းအတွဲပေါင်း ၇၃၃ တွဲ ရောင်းချခဲ့ရကြောင်း ကြေညာသည်။

ယနေ့ညနေပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဦးသည် ပြည်တွင်းရတနာကုန်သည် များက အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများ ရွေးချယ်ကြည့်ရှုနေမှုနှင့် ဈေးနှုန်းပေးသွင်းလွှာများအား တင်ဒါပုံးများအတွင်း ထည့်သွင်းနေမှု ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ပြပွဲဒသမနေ့တွင် အုပ်စု (စီ) မှ ကျောက်စိမ်းအတွဲများအနက် အတွဲအမှတ် (၂၃၅၆) မှ (၃၀၇၃)အထိ (၇၁၈)တွဲကို ပြည်တွင်းရတနာကုန်သည်များက ကြည့်ရှုစစ်ဆေး၍ ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းကြပြီး တင်ဒါပုံးများကို ညနေ ၅ နာရီတွင် ပိတ်သိမ်း၍ တာဝန်ရှိသူများ က ဖွင့်ဖောက်စစ်ဆေးကာ အောက်တိုဘာ ၁၇ ရက် တွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများအားကြေညာသွားမည်ဖြစ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် မြန်မာ့အဖိုးတန် သယံဇာတများကို ရေရှည်တည်တံ့စေမှု၊ မြေသယံဇာတများကို ကန့်သတ်ထုတ်လုပ်မှု၊ ရေသယံဇာတများကိုတိုးတက် ထုတ်လုပ်မှုနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နိုင်မှုတို့အကြား ဟန်ချက်ညီစွာ စီမံခန့်ခွဲခြင်းဖြင့် သယံဇာတစီမံခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သတင်းစဉ်