ကျောက်စိမ်းတူးဖော်ရေးဌာန

ကျောက်စိမ်းအရိုင်းများကို တန်ဖိုးဖြတ်ခြင်း၊ ရတနာခွန်ကောက်ခံခြင်းဆိုင်ရာ

လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များ

နိုင်ငံတော်က ၁၉၉၅ ခုနှစ်တွင် မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေများပြဌာန်းခဲ့ပြီး နိုင်ငံသားများကို ကျောက်မျက်ရတနာများ တူးဖော်လုပ်ကိုင်ခွင့်ပြုခဲ့ပြီးနောက် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသည် ဖော်ပြပါဥပဒေများနှင့်အညီ တန်ဖိုးဖြတ်အဖွဲ့များကို ဖွဲ့စည်း၍ ကျောက်မျက် ရတနာအရိုင်းများကို တန်ဖိုးသတ်မှတ်ခြင်း၊ ရတနာခွန်ကောက်ခံခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက် ခဲ့ပါသည်။

ကျောက်မျက်ရတနာများ၏ သီးခြားတည်ရှိနေသော ဝိသေသ လက္ခဏာများ

ကျောက်မျက်ရတနာများ၏ တန်ဖိုးကို အဆုံးအဖြတ်ပေးရာတွင် အောက်ဖော်ပြပါအချက်(၄)ချက်ကို အခြေခံ၍ဆောင်ရွက်ပါသည်။

– အရောင် (Colour)

– သန့်စင်ကြည်လင်ခြင်း (Clearity)

– အရွယ်အစား (Size)

– လက်ရာအဆင့်အတန်း (Cutting or Product Quality)

အရောင် (Colour)။ ကျောက်မျက်ရတနာတို့၏ အရည်အသွေးကိုအကဲဖြတ်ရာတွင် အရောင်သည် အဓိကကျသောအချက်ဖြစ်ပါသည်။ ကျောက်မျက်ရတနာတို့တွင် အဓိကကျသည့် သီးခြားအရောင်ကိုယ်စီဖြင့် တန်ဖိုးမြင့်ခြင်း၊ အရည်အသွေးမြင့်ခြင်း၊ ကျောက်မျက်ရတနာအချင်းချင်းနှိုင်းယှဉ်လျှင် ထူးခြားပေါ်လွင်၍ အရောင်ပိုမိုလှပခြင်းတို့ဖြင့် ကျောက်မျက်ရတနာတစ်မျိုးစီ၏ ဂုဏ်အင်္ဂါအဖြစ် ရပ်တည်နေကြပြီး အရောင် အနု၊ အရင့်ကိုအခြေခံ၍ အရည်အသွေးနှင့်တန်ဖိုးကို သတ်မှတ်ပါသည်။

သန့်စင်ကြည်လင်ခြင်း (Clearity) ။   ကျောက်မျက်တစ်ပွင့်တန်ဖိုး သတ်မှတ်ရာတွင် သန့်စင်ကြည်လင်ခြင်းသည် အရေးကြီးသောအချက်တစ်ချက်ဖြစ်သည်။ သဘာဝတွင် အပြစ်အနာလုံးဝကင်းစင်သော ကျောက်မျက်ရတနာကိုတွေ့ရှိရန် လွန်စွာခက်ခဲပါသည်။ ကျောက်မျက်ရတနာများတွင် အပြစ်အနာပါဝင်မှု အနည်းအများတို့အပေါ်အခြေခံ၍ သန့်စင်ကြည်လင်မှု အဆင့်အတန်းအမျိုးမျိုးကို တွေ့ရှိရပါသည်။

အရွယ်အစား (Size)။ ကျောက်မျက်ရတနာတစ်ပွင့်၏အရွယ်အစားသည် အရေးကြီး သော အရည်အသွေးတန်ဖိုးဆိုင်ရာ အင်္ဂါရပ်ဖြစ်ပါသည်။ အရွယ်အစားကြီးမားခြင်းသည် ရှားပါးသော ဂုဏ်အင်္ဂါရပ်ဖြစ်ပြီး တန်ဖိုးသတ်မှတ်ရာတွင် အဓိကကျသောအချက် ဖြစ်ပါသည်။ အရွယ်အစားကြီးမားမှု ကြောင့် အခြေအနေဖန်တီးနိုင်ခွင့်ရရှိသည့်အတွက် တန်ဖိုးပိုမိုသတ်မှတ်ကြပါသည်။

လက်ရာအဆင့်အတန်း (Cutting or Product Quality)။ ကျောက်မျက်ရတနာ တို့၏ အရည်အသွေးသည် အချောထည်ပြုလုပ်ဖန်တီးမှု လက်ရာအဆင့်အတန်းပေါ်တွင် မူတည်ပြီး မူလအရည်အသွေး အတိုင်းရရှိခြင်း၊ ပိုမိုလှပလာစေခြင်း၊ မူလအရည်အသွေး အောက် နိမ့်ကျသွားခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ကျောက်မျက်ရတနာတို့၏ အချောထည်လက်ရာအဆင့်အတန်းသည် အရည်အသွေးနှင့် တန်ဖိုး သတ်မှတ်ရာတွင် အရေးကြီးသော အဓိကအချက်တစ်ချက်ဖြစ်ပါသည်။

ခွင့်ပြုမိန့်ရရှိသော ကုမ္ပဏီ/အသင်းတာဝန်

ကျောက်မျက်ရတနာတူးဖေါ်ထုတ်လုပ်ရန် ခွင့်ပြုမိန့်ရရှိသော ကုမ္ပဏီ/အသင်းသည် တူးဖော်ထုတ်လုပ် ရရှိသော ကျောက်မျက်ရတနာအရိုင်းကို တန်ဖိုးဖြတ်နိုင်ရန်နှင့် ရတနာခွန်ပေးဆောင်နိုင်ရန်အလို့ငှာ မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ မြို့နယ်ရုံးခွဲမှတစ်ဆင့် တန်ဖိုးဖြတ်အဖွဲ့သို့ တင်ပြရပါမည်။ ခွင့်ပြုမိန့်ရရှိသော ကုမ္ပဏီ/အသင်းသည် ကျောက်ထွက်ရှိပြီးနောက် အောက်ဖော်ပြပါလုပ်ငန်း တာဝန်များကို ဆောင်ရွက်ထားရမည် –

– တူးဖော်ရရှိထားသော ကျောက်စိမ်းအရိုင်းတုံးအား ချော်ခေါက်ခြင်း၊ ရေဆေးခြင်းများ ကြိုတင် ဆောင်ရွက်ထားရှိရမည်။

– တူးဖော်ရရှိသည့် ကျောက်စိမ်းအရိုင်းတုံးပေါ်တွင် သက်ဆိုင်ရာ မှော်/လုပ်ကွက်များအလိုက် ရှေးဦး မှတ်ပုံတင်ရမည်။ ဥပမာ – မော်လကင်မှော်၊ လုပ်ကွက်အမှတ်(၁)မှထွက်ရှိသော ကျောက်စိမ်းရိုင်းဖြစ်ပါက MLK-1/2017-18 ဟုလည်းကောင်း၊ ရွှေဂေါင်ဂေါင် အကျိုးတူ၊ မက်လင်ချောင်မှော်၊ လုပ်ကွက်အမှတ်(၁)မှထွက်ရှိသော ကျောက်စိမ်းရိုင်းဖြစ်ပါက Government Shwe Gaung Gaung ကို ကိုယ်စားပြု၍ GSG(MLC-1)/2017 – 18 ဟုလည်းကောင်း၊ ကျန်မိသားစု အကျိုးတူ၊ ကျောက်ဆောင်ကွက်ရပ်၊ လုပ်ကွက်( ၁ )မှ ထွက်ရှိသော ကျောက်မျက်ရိုင်းဖြစ်ပါက Government Kyan Family ကို ကိုယ်စားပြု၍ GKF(KS-1)/2017-18 ဟုလည်းကောင်း မှတ်ပုံတင်စာရင်းရေးသွင်းရမည်။

– ရှေးဦးမှတ်ပုံတင်စာရင်းကို သက်ဆိုင်ရာလယ်ဂျာစာရင်းများတွင် နေ့အလိုက် စာရင်းရေးသွင်း မှတ်တမ်းတင်ထားရှိရမည်။

– ရတနာခွန်မပေးဆောင်မီ ကျောက်စိမ်းရိုင်းများကို ကြိုတင်ဖြတ်တောက်လိုပါက ကျောက်စိမ်းတုံး တူးဖော်ရရှိကြောင်းနှင့် ကြိုတင်ဖြတ်တောက်လိုကြောင်း သက်ဆိုင်ရာတန်ဖိုးဖြတ် အဖွဲ့သို့ ကြိုတင်သတင်းပို့တင်ပြရမည်။

– ဖြတ်တောက်လိုသည့် ကျောက်စိမ်းအရိုင်းတုံးအတွက် မဖြတ်တောက်မီ တန်ဖိုးဖြတ်အဖွဲ့ များက သတ်မှတ်သည့် တန်ဖိုးအရရတနာခွန် သတ်မှတ်ပေးဆောင်ရမည်။

– ဖြတ်တောက်ပြီးနောက် သက်ဆိုင်ရာတန်ဖိုးဖြတ်အဖွဲ့သို့ ပြန်လည်ပြသစစ်ဆေးခံရန်နှင့် အရည်အသွေး ပြောင်းလဲမှုရှိပါက ရတနာခွန်ထပ်မံပေးဆောင်ရမည်။

– ကျောက်မျက်၊ ကျောက်စိမ်းအရိုင်းများအတွက် ကျသင့်သည့်ရတနာခွန်ကို ခွင့်ပြုမိန့်ရရှိသည့် ကုမ္ပဏီက မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းရမည်။

– ကျောက်မျက် / ကျောက်စိမ်းအရိုင်းများ တန်ဖိုးဖြတ်ခြင်းလုပ်ငန်းအတွက် ကျသင့်သည့် ကြီးကြပ်ခ၊ ရာဖြတ်ခတို့ကို ခွင့်ပြုမိန့်ရရှိသည့်ကုမ္ပဏီက မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ် ရေးလုပ်ငန်းသို့ ပေးသွင်းရမည်။

– တန်ဖိုးဖြတ်အဖွဲ့ကသတ်မှတ်သည့် ကျောက်မျက်ရတနာတန်ဖိုးကို မကျေနပ်ပါက ပြင်ဆင်သတ်မှတ် ပေးရန် တန်ဖိုးသတ်မှတ်သည့်နေ့မှ ရက်ပေါင်း(၃၀)အတွင်း ကျောက်မျက်ရတနာ ကြီးကြပ်ရေးဗဟိုကော်မတီသို့ တန်ဖိုးပြင်ဆင်ပေးရန်(နောက်ဆက်တွဲ-က)ပါပုံစံမကလ(၈)ဖြင့် တင်ပြရမည်။

– ရတနာခွန်ထမ်းဆောင်ပြီးသော ကျောက်မျက်ရတနာအရိုင်းများကို တစ်နှစ်တိတိ ရောင်းချသော်လည်း တန်ဖိုးဖြတ်အဖွဲ့က သတ်မှတ်သည့်ကျောက်မျက်ရတနာတန်ဖိုးကိုပင် ရောင်းချ၍မရလျှင် တန်ဖိုးလျှော့ချ၍ သတ်မှတ်ပေးရေးအတွက်(နောက်ဆက်တွဲ-ခ)ပါ ပုံစံမကလ(၉)ဖြင့် ဗဟိုကော်မတီသို့ လျှောက်ထားနိုင်သည်။ ယင်းသို့လျှောက်ထားရာတွင် “သတ်မှတ်သည့် တန်ဖိုး ဖြတ်ခ ”ကို ပေးရမည်။

အလွယ်တကူသယ်ယူနိုင်သော ကျောက်မျက်ရတနာ အရိုင်းတုံးဖြစ်ပါက တူးဖော်ထုတ်လုပ် ရရှိသည့်နေ့တွင်ပင် ယင်းကျောက်မျက်ရတနာအရိုင်းတုံးကို သက်ဆိုင်ရာကျောက်စိမ်းတူးဖေါ်ရေးဌာန၊ မြို့နယ်ရုံးခွဲမှတစ်ဆင့် တန်ဖိုးဖြတ်အဖွဲ့သို့ တင်ပြရမည်။ အလွယ်တကူသယ်ယူခြင်းမပြုနိုင်သော လေးလံ ကြီးမားသော ကျောက်မျက်ရတနာအရိုင်းတုံးများနှင့် အရေအတွက်၊ အလေးချိန်များပြားသော ကျောက်မျက် ရတနာအရိုင်းများဖြစ်ပါက ယင်းကျောက်မျက်ရတနာအရိုင်းများ၏ အမျိုးအစား၊ အရည်အသွေး၊ အရေအတွက်၊ အလေးချိန်နှင့်အရွယ်အစား ခန့်မှန်းချက်နှင့် အကျိုးအကြောင်း ဖေါ်ပြချက်တို့ကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ မြို့နယ်ရုံးခွဲမှတစ်ဆင့် တန်ဖိုးဖြတ်အဖွဲ့သို့ အကြောင်းကြားရပါမည်။ ထိုသို့ အကြောင်းကြားပြီးနောက် တန်ဖိုးဖြတ်အဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ရပါမည်။

ကျောက်စိမ်း၊ ကျောက်မျက်အရိုင်းများကို ရတနာခွန်ဆောင်ရန် သတင်းပို့တင်ပြခြင်း

ခွင့်ပြုမိန့်ရရှိသူသည် အလွယ်တကူသယ်ယူနိုင်သော ကျောက်မျက်ရတနာအရိုင်းတုံးဖြစ်ပါက တူးဖော် ထုတ်လုပ်ရရှိသည့်နေ့တွင်ပင် ယင်းကျောက်မျက်ရတနာအရိုင်းတုံးကိုတန်ဖိုးဖြတ်နိုင်ရန်နှင့်ရတနာခွန်ပေးဆောင် နိုင်ရန် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ မြို့နယ်ရုံးခွဲနှင့် သက်ဆိုင်ရာတန်ဖိုးဖြတ်အဖွဲ့သို့ (နောက်ဆက်တွဲ-ဂ) ပုံစံဖြင့် ရေးသားတင်ပြရပါမည်။

အလွယ်တကူသယ်ယူခြင်းမပြုနိုင်သော လေးလံကြီးမားသည့် ကျောက်မျက်ရတနာအရိုင်းတုံးများ၊ အရေအတွက်နှင့် အလေးချိန်များသော ကျောက်မျက်ရတနာအရိုင်းများဖြစ်ပါက ယင်းကျောက်မျက်ရတနာ အရိုင်းများ၏ အမျိုးအစား၊ အရည်အသွေး၊ အရေအတွက်၊ အလေးချိန်နှင့်အရွယ်အစားခန့်မှန်းချက်နှင့် အကျိုး အကြောင်းဖော်ပြချက်တို့ကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ မြို့နယ်ရုံးခွဲမှတဆင့် သက်ဆိုင်ရာတန်ဖိုးဖြတ်အဖွဲ့သို့ အကြောင်းကြားရမည်။ ထိုသို့ အကြောင်းကြားပြီးနောက် တန်ဖိုးဖြတ်အဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရပါမည်။

မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ မြို့နယ်ရုံးခွဲမှ ( နောက်ဆက်တွဲ-ဃ )ပါအတိုင်း ရတနာခွန်(တွင်းဝခွန်) ပေးဆောင်ခွင့်ပြုသည့်စာရရှိပါက ရတနာခွန်ပေးဆောင်မည့် ကျောက်မျက်ရတနာများကို လုပ်ကွက်မှ သက်ဆိုင်ရာတန်ဖိုးဖြတ်ရုံးသို့ သယ်ဆောင်ခွင့်ကို (နောက်ဆက်တွဲ-င)ပါအတိုင်း သက်ဆိုင်ရာတန်ဖိုးဖြတ်ရုံးတွင် တင်ပြလျှောက်ထား ရပါမည်။

သက်ဆိုင်ရာတန်ဖိုးဖြတ်ရုံးသည် ရတနာခွန်(တွင်းဝခွန်)ပေးဆောင်ရန် ကျောက်မျက်ရတနာများကို မှော်/ လုပ်ကွက်မှ တန်ဖိုးဖြတ်ရုံးစိုက်ရာနေရာသို့ သယ်ဆောင်ခွင့်လက်မှတ်(နောက်ဆက်တွဲ-စ)ကို ထုတ်ပေးရပါမည်။

ခွင့်ပြုမိန့်ရရှိသူသည် သက်ဆိုင်ရာတန်ဖိုးဖြတ်ရုံးက သတ်မှတ်ပေးသည့်ရက်တွင် ခွင့်ပြုသည့်ခရီး လမ်းကြောင်းအတိုင်း ကျောက်မျက်ရတနာများကို သက်ဆိုင်ရာတန်ဖိုးဖြတ်ရုံးသို့ သယ်ဆောင်လာရမည်။

တန်ဖိုးဖြတ်အဖွဲ့ ဖွဲ့စည်းခြင်း

မြန်မာ့ကျောက်မျက်ရတနာဥပဒေအရ တန်ဖိုးဖြတ်အဖွဲ့ကို သယံဇာနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးရပါမည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ကျောက်မျက်ရတနာဆိုင်ရာပညာရှင်များ၊ကျွမ်းကျင်သူများနှင့်အခြား သင့်လျော်သူများပါဝင်သော တန်ဖိုးဖြတ် အဖွဲ့များကို လိုအပ်သည့်နေရာဒေသအလိုက် ဖွဲ့စည်းပေးရမည်။

ဒေသအလိုက်တန်ဖိုးဖြတ်အဖွဲ့များ ဖွဲ့စည်းရာတွင် အဖွဲ့ဝင်အနည်းဆုံး ( ၉ )ဦးဖြင့် ဖွဲ့စည်းရပါမည်။ တန်ဖိုးဖြတ်အဖွဲ့၏ ဥက္ကဌနှင့် အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးရပါမည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် တန်ဖိုးဖြတ်အဖွဲ့ကို လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းပေးနိုင်ပါသည်။

လိုအပ်သောဒေသများအတွက် တန်ဖိုးဖြတ်အဖွဲ့များ၏ လုပ်ငန်းတာဝန်များကို သီးခြားသတ်မှတ် ပေးနိုင်ပါသည်။

အစိုးရဝန်ထမ်းမဟုတ်သော တန်ဖိုးဖြတ်အဖွဲ့ဝင်များသည် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနက သတ်မှတ်သည့်ချီးမြှင့်ငွေကို ခံစားခွင့်ရှိပါသည်။ ယင်းစရိတ်ကို မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ အသုံးစရိတ်မှ ကျခံရမည်။

မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသည် တန်ဖိုးဖြတ်အဖွဲ့ ဖွဲ့စည်းနိုင်ရန်အတွက် မြန်မာ့ ကျောက်မျက်ရတနာဥပဒေပါ သတ်မှတ်ချက်များနှင့် ညီညွတ်သူများကို ရွေးချယ်ပြီး အတည်ပြုဖွဲ့စည်းပေးရေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်ရပါမည်။

တန်ဖိုးဖြတ်အဖွဲ့ဝင်များ လုပ်ငန်းတာဝန်အရ အပြောင်းအလဲရှိခြင်းနှင့် ပြင်ဆင်ဖွဲ့စည်းရန်လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းပေးနိုင်ပါရန် ဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်ရပါမည်။

တန်ဖိုးဖြတ်အဖွဲ့၏ လုပ်ငန်းတာဝန်များ

ခွင့်ပြုမိန့်ရရှိသောကုမ္ပဏီ/အသင်းက တူးဖေါ်ထုတ်လုပ်ရရှိသော ကျောက်မျက်ရတနာအရိုင်းများကို သက်ဆိုင်ရာတန်ဖိုးဖြတ်အဖွဲ့သို့ လာရောက်ပြသသောအခါ ကျောက်မျက်ရတနာအရိုင်းများ၏ အရည်အသွေး၊ အရေအတွက်၊ အလေးချိန်နှင့် အရွယ်အစားတို့ကို သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ထားရှိရမည်။

မှတ်ပုံတင်ပြီးသော ကျောက်မျက်ရတနာအရိုင်းကို သတ်မှတ်ချက်နှင့်အညီ တန်ဖိုးသတ်မှတ်ရမည်။

တန်ဖိုးသတ်မှတ်ချက်အပေါ် ရတနာခွန်ကောက်ခံနိုင်ရန် သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

ခွင့်ပြုမိန့်ရရှိသော ကုမ္ပဏီ/အသင်းကထုတ်လုပ်ရရှိသော ကျောက်မျက်ရတနာအရိုင်းများကို တန်ဖိုးဖြတ်အဖွဲ့သို့ လာရောက်ပြသ မှတ်ပုံတင်ခြင်းမပြုဘဲ မသမာမှုပြုကြောင်း သတင်းရရှိပါက ဤဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရမည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက အခါအားလျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။

တန်ဖိုးဖြတ်အဖွဲ့သည် ကျောက်မျက်ရတနာတန်ဖိုးသတ်မှတ်ခြင်းကို အနည်းဆုံးရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ် ဆောင်ရွက်ရမည်။

တန်ဖိုးဖြတ်အဖွဲ့၏ ဥက္ကဌသည် ရက်သတ္တတစ်ပတ်အတွင်း တန်ဖိုးသတ်မှတ်ရန်လိုအပ်ပါက အစည်း အဝေးကို အချိန်မရွေးခေါ်ယူခွင့်ရှိသည်။

တန်ဖိုးဖြတ်အဖွဲ့၏ အဖွဲ့ဝင်တစ်ဝက်ကျော် တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။

တန်ဖိုးဖြတ်အဖွဲ့သည် အစည်းအဝေးတက်ရောက်သည့် အဖွဲ့ဝင်အများစု၏ သဘောတူညီချက်ဖြင့် တန်ဖိုး သတ်မှတ်ရမည်။

တန်ဖိုးဖြတ်အဖွဲ့သည် တန်ဖိုးဖြတ်ရာတွင် လိုအပ်ပါက ကျောက်မျက်ရတနာဆိုင်ရာပညာရှင်များနှင့် ကျွမ်းကျင်သူများကို ဖိတ်ကြား၍ အကြံဉာဏ်တောင်းခံနိုင်သည်။

တန်ဖိုးဖြတ်အဖွဲ့သည် အစည်းအဝေးမှတ်တမ်းမိတ္တူကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းသို့ ပေးပို့ရမည်။

တန်ဖိုးဖြတ်အဖွဲ့သည် ခွင့်ပြုမိန့်ရရှိသူက အလွယ်တကူတင်ပြခြင်းမပြုနိုင်သည့် လေးလံကြီးမားသော ကျောက်မျက်ရတနာအရိုင်းတုံးများ၊ အရေအတွက်နှင့်အလေးချိန်များသော ကျောက်မျက်ရတနာအရိုင်းတုံးများ တူးဖေါ်ရရှိကြောင်း အကြောင်းကြားလာပါက နှောင့်နှေးကြန့်ကြာခြင်းမရှိစေဘဲ ထိုကျောက်မျက်ရတနာအရိုင်း တုံးတည်ရှိရာ နေရာဒေသသို့ သွားရောက်ကြည့်ရှု စစ်ဆေးရမည်။ ထို့ပြင် ကျောက်မျက်ရတနာအရိုင်းတုံး၏ အမျိုးအစား၊ အရည်အသွေး၊ အရေအတွက်၊ အလေးချိန်နှင့်အရွယ်အစားတို့ကို မှတ်တမ်းပြုစုပြီး မှတ်ပုံတင်ခြင်း နှင့် တန်ဖိုးသတ်မှတ်ခြင်းများကို ပြုလုပ်ရမည်။ ယင်းတန်ဖိုးသတ်မှတ်ချက်အပေါ် ရတနာခွန်ကောက်ခံနိုင်ရန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အမိန့်၊ ညွှန်ကြားချက်နှင့်အညီ မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ သက်ဆိုင်ရာမြို့နယ်ရုံးခွဲသို့ အကြောင်းကြားစာပေးပို့ပြီး တန်ဖိုး သတ်မှတ်ချက် မိတ္တူတစ်စောင်ကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသို့ ပေးပို့ရမည်။

တန်ဖိုးဖြတ်အဖွဲ့သည် ခွင့်ပြုမိန့်ရရှိသူက ထုတ်လုပ်ရရှိသည့် ကျောက်မျက်ရတနာအရိုင်းများ၏ အမျိုး အစား၊ အရည်အသွေး၊ အရေအတွက်၊ အလေးချိန်နှင့်အရွယ်အစားတို့ကို (နောက်ဆက်တွဲ-ဆ)ပါပုံစံ-(မကလ-၁၄)တွင် ရေးသွင်းမှတ်ပုံတင်၍ တန်ဖိုးသတ်မှတ်ရပါသည်။ ယင်းပုံစံမိတ္တူကို ခွင့်ပြုမိန့်ရရှိသူအား ထုတ်ပေးရပါမည်။ ထို့ပြင် တန်ဖိုးသတ်မှတ်ချက်အပေါ် ရတနာခွန်ကောက်ခံနိုင်ရန် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ သက်ဆိုင်ရာမြို့နယ်ရုံးခွဲသို့ အကြောင်းကြားစာပေးပို့ပြီး မိတ္တူတစ်စောင်ကို မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်းသို့ ပေးပို့ရပါမည်။

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသည် တန်ဖိုးဖြတ်အဖွဲ့ဝင်များ၏ စာရင်းနှင့် တန်ဖိုး ဖြတ်အဖွဲ့ဝင်များက ပေးပို့လာသောအစည်းအဝေးမှတ်တမ်းများ၊ တန်ဖိုးသတ်မှတ်ချက်များကို စုပေါင်းထိန်းသိမ်း ထားရှိရမည်။

တန်ဖိုးဖြတ်အဖွဲ့ဥက္ကဌ (သို့မဟုတ်) အတွင်းရေးမှူးသည် ခွင့်ပြုမိန့်ရရှိသူက ထုတ်လုပ်ရရှိသော ကျောက် မျက်ရတနာအရိုင်းများကို တန်ဖိုးဖြတ်အဖွဲ့သို့ လာရောက်ပြသမှတ်ပုံတင်ခြင်းမပြုဘဲ မသမာမှုပြုကြောင်း သတင်းရရှိပါက ထို့သူအား စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူနိုင်ရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ တင်ပြရမည့်အပြင် မြန်မာ့ကျောက်မျက်ရတနာဥပဒေအရ ပြစ်မှုကြောင်းဖြင့် အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းသို့ ပထမသတင်းပေးတိုင်ကြားခြင်း ပြုလုပ်ရမည်။

တန်ဖိုးဖြတ်အဖွဲ့ဥက္ကဌ (သို့မဟုတ်) အတွင်းရေးမှူးသည် ကျောက်မျက်တူးဖော်ထုတ်လုပ်သည့် ကုမ္ပဏီ/ အသင်းများက ထုတ်လုပ်ရရှိသော ကျောက်မျက်ရတနာအရိုင်းများကို မသမာမှုပြုခြင်း ရှိ/မရှိစစ်ဆေးသိရှိ ဖော်ထုတ်နိုင်ရန် အောက်ပါစာရွက်စာတမ်းများကို တန်ဖိုးဖြတ်အဖွဲ့တွင်ထားရှိ၍ စစ်ဆေးကြပ်မတ်ဆောင်ရွက် ရပါမည်-

– အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက ထုတ်ပေးသည့် ကုမ္ပဏီမှတ်ပုံတင် လက်မှတ်နှင့် ပုံစံ(၆) ၊ ပုံစံ(၂၆)များ

– သတ္တုတွင်းဝန်ကြီးဌာန၏ ကျောက်မျက်ရတနာထုတ်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြု မိန့်။

– တူးဖော်ခွင့်ရ မှော်/ကွက်ရပ်/လုပ်ကွက်အမှတ်နှင့်မြေပုံများ

– အလုပ်သမားနှင့် စက်ယန္တရားပစ္စည်းများစာရင်း

– ကျောက်ထွက်ရှိမှု သတင်းပို့မှတ်တမ်း

– ရတနာခွန်ပေးဆောင်သည့် မှတ်တမ်း

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ရုံးခွဲမှ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခွင့် ရရှိသည့် ကုမ္ပဏီ/အသင်းသို့ ခွင့်ပြုမိန့်ပြန်လည်ပေးအပ်သည့်အခါ တန်ဖိုးဖြတ်အဖွဲ့မှ မိတ္တူရရှိသည်နှင့် ကုမ္ပဏီ/ အသင်း၏လုပ်ကွက်ကို စနစ်တကျမှတ်ပုံတင်ထားရှိပြီး လုပ်ငန်းစတင်တူးဖော်ကြောင်း မှတ်တမ်းတင်ရမည်။ ကုမ္ပဏီ/အသင်း၏ကိုယ်စား ယင်းလုပ်ကွက်မှ ကျောက်မျက်ရတနာရိုင်းများ တူးဖော်ထွက်ရှိမှုကို တန်ဖိုးဖြတ် အဖွဲ့ထံ သတင်းပို့ရန်နှင့်ရတနာခွန်ပေးဆောင်ရန် ပျက်ကွက်ပါက မြန်မာ့ကျောက်မျက်ရတနာဥပဒေအရ အရေး ယူခံရမည်ဖြစ်ကြောင်းကို သိရှိကြောင်းဝန်ခံကတိရယူထားရမည်။ မှော်/ကွက်ရပ်/လုပ်ကွက်အလိုက် ကျောက် ထွက်ရှိမှုကိုလည်းကောင်း၊ သက်တမ်းတူလုပ်ကွက်တူစာရင်းမှတ်တမ်းထားရှိပြီး ၎င်းလုပ်ကွက်များ၏ကျောက် ထွက်ရှိမှုကိုလည်းကောင်း၊ တန်ဖိုးဖြတ်အဖွဲ့မှလစဉ်သွားရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးကြည့်ရှုဆောင်ရွက် ရမည်။

ကုမ္ပဏီ / အသင်းသည် လုပ်ငန်းစတင်ဆောင်ရွက်ပြီး ကျောက်ထွက်ရှိသည်နှင့် တန်ဖိုးဖြတ်အဖွဲ့သို့ သတင်းပို့ ရတနာခွန်ပေးဆောင်ရမည်ဖြစ်သော်လည်း ကျောက်ထွက်ရှိမှု သတင်းပို့ရန်ပျက်ကွက်ခြင်း၊ သက်တမ်းတူကုမ္ပဏီ / အသင်းများမှ ရတနာခွန်စတင်ပေးဆောင်သော်လည်း ရတနာခွန် လာရောက်ပေးဆောင်ခြင်းမရှိပါက တန်ဖိုးဖြတ်အဖွဲ့ ဥက္ကဌသို့မဟုတ် အတွင်းရေးမှူးသည် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရုံးခွဲသို့တင်ပြ၍ ရုံးခွဲမှကိုယ်စားလှယ်နှင့်အတူ သက်ဆိုင်ရာကုမ္ပဏီ / အသင်း၏လုပ်ကွက်သို့ သွားရောက်စစ်ဆေးရမည်။ စစ်ဆေး သည့်အဖွဲ့သည် မသမာမှုပြုသည်ဟု စုံစမ်းသိရှိရသည်နှင့် တရားရုံးတွင်အမှုဖွင့်အရေးယူပြီး သက်ဆိုင်ရာကုမ္ပဏီ / အသင်းအား တူးဖော်ခွင့်ယာယီရပ်ဆိုင်းရန် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းရုံးခွဲမှ တစ်ဆင့် ရုံးချုပ်သို့ တင်ပြဆောင်ရွက်ရမည်။

ရတနာခွန်

ခွင့်ပြုမိန့်ရရှိသော ကုမ္ပဏီ/အသင်းသည် ထုတ်လုပ်ရရှိသော ကျောက်မျက်ရတနာအရိုင်းကို မှတ်ပုံတင်ပြီးနောက် တန်ဖိုးဖြတ်အဖွဲ့က သတ်မှတ်သော တန်ဖိုးအပေါ် အခြေပြု၍ အောက်ပါရာခိုင်နှုန်း အတိုင်း မြန်မာကျပ်ငွေဖြင့် ရတနာခွန်ပေးဆောင်ရပါမည်-

(က)    ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ စိန် ဖြစ်ပါက ၂၀ ရာခိုင်နှုန်း

( ခ )   အထက်ပါ ကျောက်မျက်ရတနာများမှအပ အခြား ကျောက်မျက်ရတနာ ဖြစ်ပါက (၁၀) ရာခိုင်နှုန်း

တန်ဖိုးဖြတ်အဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

ရတနာနယ်မြေများအလိုက် အောက်ပါအတိုင်း တန်ဖိုးဖြတ်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပါမည် –

(က)    ကချင်ပြည်နယ်

(၁)      လုံးခင်း/ဖားကန့်ရတနာနယ်မြေ                          (၄)ဖွဲ့

(၂)      နန့်ယားဆိပ်ဒေသ                                            (၁)ဖွဲ့

(၃)      မိုးညှင်းရတနာနယ်မြေ(မော်လူး/မော်ဟန်)             (၁)ဖွဲ့

( ခ )    စစ်ကိုင်းတိုင်း၊ ခန္တီးရတနာနယ်မြေ(ခန္တီး)                          (၁)ဖွဲ့

( ဂ )    မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်ရတနာနယ်မြေ(မိုးကုတ်)   (၃)ဖွဲ့

(ဃ)    ရှမ်းပြည်နယ်၊ မိုင်းရှူးရတနာနယ်မြေ(မိုင်းရှူး)                 (၁)ဖွဲ့

ကျောက်မျက်ရတနာထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်များပြားလာပါက သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တန်ဖိုးဖြတ်အဖွဲ့ကို လိုအပ်သလို တိုးချဲ့ဖွဲ့စည်းဆောင်ရွက် ရမည်။

တန်ဖိုးဖြတ်အဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းတာဝန်ပေးအပ်သွားပါမည် –

(က)    မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ အရာထမ်း(၁)ဦး     ဥက္ကဋ္ဌ

( ခ )    တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှကိုယ်စားလှယ်(၁)ဦး                  အဖွဲ့ဝင်

( ဂ )    တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်မှကိုယ်စားလှယ်(၁)ဦး                  အဖွဲ့ဝင်

(ဃ)    မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ အမှုထမ်း(၁)ဦး      အဖွဲ့ဝင်

( င )    မြို့နယ်အခွန်ဦးစီးဌာနမှူး(၁)ဦး                                                        အဖွဲ့ဝင်

( စ )    ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှကိုယ်စားလှယ်(၁)ဦး        အဖွဲ့ဝင်

(ဆ)    ကျောက်စိမ်း/ကျောက်မျက် ကျွမ်းကျင်သူလုပ်ငန်းရှင်ကိုယ်စားလှယ်(၂)ဦး အဖွဲ့ဝင်

( ဇ )    မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ အရာထမ်း(၁)ဦး               အတွင်းရေးမှူး

တန်ဖိုးဖြတ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သောအချက်များ

တန်ဖိုးဖြတ်အဖွဲ့သည်ခွင့်ပြု့မိန့်ရရှိသူက လာရောက်ပြသသည့် ကျောက်စိမ်း၊ ကျောက်မျက်အရိုင်းတုံး များကို တန်ဖိုးဖြတ်ရာတွင် ပညာရပ်ပိုင်းဆိုင်ရာအတွေ့အကြုံ၊ ကျွမ်းကျင်မှုများအပြင် အောက်ပါအချက်များကို လည်း တန်ဖိုးဖြတ်ရာတွင် ထည့်သွင်းစဉ်းစားသင့်ပါသည် –

(က)    တန်ဖိုးဖြတ်ရမည့် ကျောက်မျက်၊ ကျောက်စိမ်းအရိုင်းတုံး၏ အရွယ်အစားကြီးမားပါက အသုံးချနိုင်မှုတန်ဖိုးကြီးမားပါသည်။ အထူးသဖြင့်ရတနာများ၏ အရွယ်အစားကြီးမားသည့် ဂုဏ်၊ ရှားပါးမှုဂုဏ်တို့အတွက် တန်ဖိုးရှိပါသည်။ ဥပမာအားဖြင့် အရည်အသွေး၊ အရောင်၊ ကျောက်သား၊ အပြစ်အနာကင်းစင်မှုတူညီသည့်(၁)ကရက်အရွယ် ပတ္တမြားတစ်ပွင့်နှင့် (၃)ကရက်အရွယ်ပတ္တမြားတစ်ပွင့်တို့ကိုတန်ဖိုးသတ်မှတ်ရာတွင် (၁)ကရက်အရွယ် ပတ္တမြားကို ကျပ်(၁၀၀)သန်းသတ်မှတ်ပါက (၃)ကရက်ပတ္တမြားကို ကျပ်(၃၀၀)သန်း သတ်မှတ်၍ မရပါ။ ကျပ်(၃၀၀)သန်းနှင့်အထက် (၄၀၀)(၅၀၀)(၆၀၀)စသဖြင့် သတ်မှတ်ရမည်ဖြစ်ပါသည်။ ထို့အတူ(၁)ကီလိုဂရမ်အလေးချိန်ရှိသည် ကျောက်စိမ်းအသားကျောက်(A)တစ်တုံးကို ကျပ်(၁) သန်းသတ်မှတ်ပါက အလားတူအရည်အသွေးရှိသည့် အသားကျောက်(A)(၁၀၀၀)ကီလိုဂရမ် ကျောက်စိမ်းတုံးကို ကျပ်သန်း(၁၀၀၀)သတ်မှတ်၍မရပါ။ ကျပ်သန်း(၁၀၀၀)အထက် တန်ဖိုး သတ်မှတ်ရမည်ဖြစ်ပါသည်။ အသုံးဝင်နိုင်မှု၊ အသုံးချနိုင်မှု၊ တွေ့ရှိရန်ခက်ခဲသည့်ရှားပါးမှု၊ ဈေးကွက်အခြေ အနေတို့ကိုပါ ထည့်သွင်းစဉ်းစား တန်ဖိုးဖြတ်ရန် လိုအပ်ပါသည်။

( ခ )    တန်ဖိုးဖြတ်ရမည့်ကျောက်မျက်၊ ကျောက်စိမ်းများ၏အလင်းပေါက်မှု၊ ကျောက်သားကျစ်လစ် သိပ်သည်းမှု(Texture)၊ အ‌ရောင်ပါဝင်မှု(Colour)၊ အသားပိတ်ခြင်း၊ အပြစ်အနာပါဝင်မှု၊ ကင်းလွတ်မှု၊ ယမ်းအနု၊ အကြမ်းစသည်တို့အပြင်အချောထည် ထုတ်ကုန်ပစ္စည်းထုတ်လုပ်နိုင်မှု တို့ကိုလည်း ထည့်သွင်းစဉ်းစားပြီး တန်ဖိုးဖြတ်ရန်လိုအပ်ပါမည်။

( ဂ )   ကျောက်စိမ်းအရိုင်းတုံးများအတွက် ထွက်ရှိသည့်မှော်၊ ပြချက်များ (အရည်ပွေး၊ အရည်မန်း၊ အရည်ကြိုး စသည်များ ဖြုတ်ချေး၊ လျှိုနာစသည့်အပြစ်အနာအဆာများ) ကျောက်စိမ်းမဟုတ် သော ရှင်းများ၊ ပလွမ်များစသည့် အခြားအမျိုးအစားကျောက်များ ရောနှောပါဝင်နေခြင်း ရှိ/မရှိ စသည်တို့ကို သေသေချာချာကြည့်ရှုစစ်ဆေး လေ့လာသုံးသပ်ထည့်သွင်း စဉ်းစားပြီး တန်ဖိုးဖြတ်ရန် လိုအပ်ပါသည်။

(ဃ) ခွင့်ပြုမိန့်ရရှိသောကုမ္ပဏီ/အသင်းသည်တန်ဖိုးဖြတ်အဖွဲ့ကသတ်မှတ်သည့်ကျောက်မျက်ရတနာ တန်ဖိုးကိုမကျေနပ်ပါကပြင်ဆင်သတ်မှတ်ပေးရန် တန်ဖိုးသတ်မှတ်သည့်နေ့မှ ရက်ပေါင်း(၃၀) အတွင်းပုံစံ(မကလ-၈)ဖြင့် ကျောက်မျက်ရတနာကြီးကြပ်ရေးဗဟိုကော်မတီအနေဖြင့် ရတနာခွန် စည်းကြပ်ရန်အလို့ငှာတန်ဖိုးဖြတ်အဖွဲ့က ကျောက်မျက်ရတနာတန်ဖိုးသတ်မှတ်ခြင်းနှင့်စပ်လျဉ်း ၍ မကျေနပ်သူက ပြင်ဆင်ပေးရန်တင်ပြချက်အပေါ် အပြီးသတ်အဆုံးအဖြတ်ပေးပါသည်။

( င )   ရတနာခွန်ထမ်းဆောင်ပြီးသောကျောက်မျက်ရတနာအရိုင်းကို တစ်နှစ်တိတိရောင်းချသော်လည်း တန်ဖိုးဖြတ်အဖွဲ့ကသတ်မှတ်သည့်ကျောက်မျက်ရတနာတန်ဖိုးကိုပင် ရောင်းချ၍မရလျှင် တန်ဖိုး လျှော့ချ၍သတ်မှတ်ပေးရေးအတွက်ပုံစံ(မကလ-၉)ဖြင့်ဗဟိုကော်မတီသို့လျှောက်ထားနိုင်သည်။ ယင်းသို့လျှောက်ထားရာတွင် သတ်မှတ်သည့်တန်ဖိုးဖြတ်ခကို ပေးရမည်။

( စ )   ကျောက်မျက်ရတနာကြီးကြပ်ရေးဗဟိုကော်မတီသည်တန်ဖိုးဖြတ်အဖွဲ့က ကျောက်မျက်ရတနာ တန်ဖိုးကို အမှန်တကယ်ဖြစ်ထိုက်သည့် တန်ဖိုးထက် လျော့နည်း၍လည်းကောင်း၊ ပိုမို၍ လည်းကောင်း သတ်မှတ်ထားကြောင်းသိရှိရပါကလိုအပ်သလို ပြင်ဆင်သတ်မှတ်ခြင်း ပြုနိုင် ပါသည်။

(ဆ)    နိုင်ငံတော်အတွက်ရသင့်ရထိုက်သောအခွန်အခများအပြည့်အဝကောက်ခံရရှိရေးနှင့် ကောက်ခံ ရရှိသောအခွန်အခများကိုနိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်နိုင်ငံတော်ကသုံးစွဲ နေပါသည်။

တန်ဖိုးဖြတ်အဖွဲ့များတန်ဖိုးဖြတ်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ

ကျောက်စိမ်း/ကျောက်မျက်တန်ဖိုးဖြတ်အဖွဲ့များသို့ ခွင့်ပြုမိန့်ရရှိသော ကုမ္ပဏီ/အသင်း/ပုဂ္ဂလိကတို့က တူးဖော်ထုတ်လုပ်ရရှိသည့် ကျောက်မျက်/ကျောက်စိမ်းအရိုင်းများကို တန်ဖိုးဖြတ်ခြင်း၊ ရတနာခွန်ပေးဆောင် ခြင်းများ ဆောင်ရွက်ရန်အတွက် လာရောက်တင်ပြသည့်အခါ အလေးချိန် ချိန်တွယ်၍ (နောက်ဆက်တွဲ-ဇ)ပါ ပူးတွဲ(၁) ကျောက်မျက်/ကျောက်စိမ်း ရွေး/သန့်မှတ်တမ်းပုံစံတွင် ဖြည့်သွင်း လက်ခံရမည်။

လက်ခံပြီးသည့်ကျောက်မျက်/ကျောက်စိမ်းအရိုင်းများကို တန်ဖိုးဖြတ်အဖွဲ့မှ တန်ဖိုးဖြတ်နိုင်ရန်အတွက် ကျောက်မျက်/ကျောက်စိမ်းအရိုင်း အမျိုးအစား၊ အရည်အသွေးနှင့် အရွယ်အစား ရွေးချယ်ခွဲခြားခြင်းစသည့် လုပ်ငန်းများဆောင်ရွက်ရန် စစ်ဆေးရွေးချယ် အကဲဖြတ်ကျွမ်းကျင်သည့်ဝန်ထမ်းအဖွဲ့အား တန်ဖိုးဖြတ်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရမည်။

ကျောက်မျက်/ကျောက်စိမ်းအရိုင်းများကိုရွေးချယ်သန့်စင်သည့်အဖွဲ့မှ စစ်ဆေးရွေးချယ်၍ အမျိုးအစား၊ အဆင့်အတန်းခွဲခြားခြင်းကိုတန်ဖိုးဖြတ်အဖွဲ့၏အတည်ပြုချက်ဖြင့်(နောက်ဆက်တွဲ-ဇ)ပါပူးတွဲ(၁)ကျောက်မျက်/ ကျောက်စိမ်းအရိုင်း ရွေး/သန့်မှတ်တမ်းပုံစံတွင်လည်းကောင်း၊ (နောက်ဆက်တွဲ-ဆ)ပါပုံစံ(မကလ-၁၄)တွင် လည်းကောင်း၊(နောက်ဆက်တွဲ-ဈ)ပါပူးတွဲ(၂) ကျောက်မျက်/ကျောက်စိမ်းစိစစ်တန်ဖိုးသတ်မှတ်ခြင်း မှတ်တမ်း ပုံစံတွင်လည်းကောင်း၊ (နောက်ဆက်တွဲ-ည)ပါပူးတွဲ(၃) ရတနာခွန်ခွဲဝေခြင်း မှတ်တမ်းတွင်လည်းကောင်း၊ (နောက်ဆက်တွဲ-ဍ)ပါပူးတွဲပုံစံ ခ(၅) ကျောက်မျက်/ကျောက်စိမ်းအရိုင်း လွှဲပြောင်း/လက်ခံပုံစံများတွင် လည်း ကောင်း ရေးသွင်းဖြည့်စွက်ရမည်။

စစ်ဆေးရွေးချယ်သန့်စင်ပြီးသည့် ကျောက်မျက်/ကျောက်စိမ်းအရိုင်းများကို တန်ဖိုးဖြတ်အဖွဲ့မှ တန်ဖိုး သတ်မှတ်ခြင်းအား အောက်ပါအတိုင်း အဆင့်ဆင့်ဆောင်ရွက်ရမည် –

(က)    ခွင့်ပြုမိန့်ရရှိသူ (လုပ်ငန်းရှင်)သို့မဟုတ် ၎င်း၏ကိုယ်စား လက်မှတ်ရေးထိုးလွှဲပြောင်းတာ ဝန်ပေးအပ်ခြင်းခံရသူသည်ကျောက်မျက်/ကျောက်စိမ်းအရိုင်းများ၏ ပဏာမအဆိုပြုတန်ဖိုးကို (နောက်ဆက်တွဲ-ဋ)ပါပူးတွဲ(၄) ကျောက်မျက်/ကျောက်စိမ်း အဆိုပြုမှတ်တမ်းတွင် ကိုယ်တိုင် လက်မှတ်ရေးထိုး၍ တန်ဖိုးဖြတ်အဖွဲ့ဥက္ကဌသို့ တင်ပြရမည်။

( ခ )    ကျောက်မျက်/ကျောက်စိမ်းအရိုင်းများ၏ တန်ဖိုးအဆိုပြုမှတ်တမ်းတွင် ကျောက်မျက်/ကျောက် စိမ်းထုတ်လုပ်ခြင်း လုပ်ငန်းရှင်ကိုယ်စားလှယ်အဖွဲ့မှအထက်ဖော်ပြပါအတိုင်း မိမိအဆိုပြုလို သည့်တန်ဖိုးငွေကို(နောက်ဆက်တွဲ-ဋ)ပါပူးတွဲ(၄) ကျောက်မျက်/ကျောက်စိမ်းအဆိုပြုမှတ်တမ်း တွင် ကိုယ်တိုင်လက်မှတ်ရေးထိုး၍ တန်ဖိုးဖြတ်အဖွဲ့ဥက္ကဌသို့ တင်ပြရမည်။

( ဂ )    ပြည်တွင်းအခွန်များဦးစီးဌာနမှပါဝင်သည့်အဖွဲ့ဝင်အနေဖြင့်အထက်ဖော်ပြပါအတိုင်း မိမိအဆိုပြု သည့်တန်ဖိုးငွေကို(နောက်ဆက်တွဲ-ဋ)ပါပူးတွဲ(၄) ကျောက်မျက်/ကျောက်စိမ်းအဆိုပြုမှတ်တမ်း တွင် ကိုယ်တိုင်လက်မှတ်ရေးထိုး၍ တန်ဖိုးဖြတ်အဖွဲ့ဥက္ကဌသို့ တင်ပြရမည်။

(ဃ)    သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကတာဝန်ပေးအပ်ခြင်းခံရသည့် တန်ဖိုးဖြတ်အဖွဲ့ဝင်များကလည်း အထက်ဖေါ်ပြပါအတိုင်း အဆိုပြုငွေကို (နောက်ဆက်တွဲ-ဋ) ပါပူးတွဲ(၄)ကျောက်မျက်/ကျောက်စိမ်းအဆိုပြုမှတ်တမ်းတွင်တစ်ဦးချင်းဖြည့်စွက်၍ တန်ဖိုးဖြတ် အဖွဲ့ ဥက္ကဌသို့ တင်ပြရမည်။

( င )    သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကတာဝန်ပေးအပ်ခြင်းခံရသည့် တန်ဖိုးဖြတ်အဖွဲ့ဝင်များသည် ကျောက်မျက် / ကျောက်စိမ်းအရိုင်းများ၏ တန်ဖိုးကိုအဆိုပြု မှတ်တမ်းတွင် ဖြည့်စွက်ရာ၌ မိမိ၏လုပ်ငန်းအတွေ့အကြုံ၊ ပညာရပ်ဆိုင်ရာအတွေ့အကြုံ၊ လက်ရှိစျေးကွက်တွင် ဖြစ်ပေါ်နေသောစျေးနှုန်း၊ ကျောက်မျက်အရွယ်အစား၊ အရည်အသွေး၊ ပြချက်၊ အပြစ်အနာအဆာစသည်များကို သေချာစွာလေ့လာသုံးသပ်ပြီး ကာလပေါက်စျေးနှင့် အနီးစပ်ဆုံး တန်ဖိုးရရှိစေရန် တန်ဖိုးဖြတ်ပြီး ဖြည့်စွက်ရေးသားဖေါ်ပြရန်ဖြစ်ပါသည်။

( စ )   အထက်ပါအတိုင်းဆောင်ရွက်ရာတွင် ခွင့်ပြုမိန့်ရရှိသူ(လုပ်ငန်းရှင်)နှင့် လုပ်ငန်းရှင်များမှ ရွေးချယ်ထားသည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် စျေးနှုန်းသတ်မှတ်ခြင်းကို တိုင်ပင်ခွင့်ပြုရန် နှင့်တန်ဖိုးဖြတ်အဖွဲ့ဝင်များအနေဖြင့်တန်ဖိုးဖြတ်ခြင်းအတွက်အခြားပုဂ္ဂိုလ်များနှင့်ညှိနှိုင်းခြင်း၊ တိုင်ပင်ခြင်းကို ခွင့်မပြု(မပြု)ရန်။

(ဆ)    တန်ဖိုးဖြတ်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် တန်ဖိုးဖြတ်အဖွဲ့ဝင်များနှင့် လုပ်ငန်းရှင်တို့မှ (နောက်ဆက်တွဲ-ဋ)ပါပူးတွဲ(၄)ဖြင့်လျှို့ဝှက်တင်ပြလာသည့် အဆိုပြုတန်ဖိုးများကို တန်ဖိုးဖြတ် အဖွဲ့ဥက္ကဌသည်တန်ဖိုးဖြတ်အဖွဲ့ဝင်များနှင့် စိစစ်ညှိနှိုင်းပြီးနောက် အတည်ပြုတန်ဖိုးသတ်မှတ် ပေးရမည်။ ၎င်းအပြင်(နောက်ဆက်တွဲ-ဈ)ပါပူးတွဲ(၂)ဖြင့် ကျောက်မျက်/ကျောက်စိမ်းတန်ဖိုး သတ်မှတ်ခြင်းမှတ်တမ်းတွင် လုပ်ငန်းရှင်ကိုယ်စားလှယ်မှလွဲ၍ ကျန်တန်ဖိုးဖြတ်အဖွဲ့ဝင်များ အားလုံး လက်မှတ်ရေးထိုး၍ မှတ်တမ်းတင်ရမည်။

အထက်စာပိုဒ်ပါ အတိုင်းတန်ဖိုးအတည်ပြုသတ်မှတ်ပြီးနောက် တန်ဖိုးဖြတ်မှတ်တမ်းများကို အောက်ပါ အတိုင်း ထုတ်ပေးခြင်း၊ ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ရမည် –

(က)    တန်ဖိုးသတ်မှတ်ခြင်း(နောက်ဆက်တွဲ-ဆ)ပါပုံစံ-(မကလ-၁၄)ကို ခွင့်ပြုမိန့်ရရှိသူ(လုပ်ငန်းရှင်) သို့မဟုတ် ၎င်းကလက်မှတ်ရေးထိုးလွှဲအပ်သည့် ကိုယ်စားလှယ်သို့ မှတ်တမ်းဖြင့် စနစ်တကျ ထုတ်ပေးရမည်။

( ခ )    ၎င်းပုံစံ(မကလ-၁၄)နှင့် လွှဲပြောင်းလက်ခံ ပုံစံ-ခ(၅)အပါအဝင် မှတ်တမ်းနှင့်ဦးစီးဇယား တစ်စုံ ကို ကျောက်မျက်/ကျောက်စိမ်းတူးဖော်ရေးဌာနတွင် ထိန်းသိမ်း၍ တစ်စုံကို မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း(ရုံးချုပ်)သို့ တစ်လတစ်ကြိမ် စုစည်းတင်ပြရမည်။

တန်ဖိုးဖြတ်ပြီးသော ကျောက်မျက်/ကျောက်စိမ်းအရိုင်းများအတွက် ကုမ္ပဏီ/အသင်း/ပုဂ္ဂလိက (လုပ်ငန်းရှင်)များမှ ပတ္တမြား၊ နီလာ၊ စိန်နှင့် ကျောက်စိမ်းများအတွက် ကျသင့်သည့် ရတနာခွန် ၂၀ % ၊ အခြား ကျောက်မျက်ရတနာများအတွက် ကျသင့်သည့်ရတနာခွန် ၁၀%ကို ငွေစာရင်းဌာနခွဲတွင် ရတနာခွန်ပေးသွင်းခွင့် တင်ပြလွှာတွင်ဖြည့်သွင်း၍ မြန်မာ့စီးပွားရေးဘဏ်သို့ ကိုယ်တိုင်ပေးဆောင်ရမည်။ ရတနာခွန်ဆောင်ပြီးကြောင်း ငွေလက်ခံလွှာရရှိချိန်တွင် လွှဲပြောင်း/လက်ခံပုံစံ ပုံစံ ခ(၅)ဖြင့် ကျောက် မျက်/ကျောက်စိမ်းရိုင်းများကို သက်ဆိုင်ရာ လုပ်ငန်းရှင်သို့ ပြန်လည်ထုတ်ပေးရမည်။ ပုံစံ ခ(၅) မူရင်းကို ကုမ္ပဏီ/အသင်း/ပုဂ္ဂလိကတို့အား ကျောက်မျက်/ကျောက်စိမ်းအရိုင်းများနှင့်အတူ ပေးအပ်ရမည်။

တန်ဖိုးဖြတ်ခြင်းလုပ်ငန်းဆောင်ရွက်သည့် တန်ဖိုးဖြတ်အဖွဲ့ဝင်များနှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်း‌ဝယ်ရေးလုပ်ငန်းက တန်ဖိုးဖြတ်လုပ်ငန်းဆောင်ရွက်လုပ်ကိုင်နေသည့် ဝန်ထမ်းများ၏ အမည်စာရင်းများ ကို(နောက်ဆက်တွဲ-ဌ)ပါပုံစံ(၅)အတိုင်း ဖွင့်လှစ်ထားရှိသည့်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး၍မှတ်ပုံတင် ထားရှိရမည်။

တန်ဖိုးဖြတ်အဖွဲ့သည် ထူးခြားကောင်းမွန်သော ကျောက်မျက်/ကျောက်စိမ်းများ၊ တန်ဖိုးကြီးမားသော ကျောက်မျက်/ကျောက်စိမ်းများကို စစ်ဆေးတွေ့ရှိရပါက မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (ရုံးချုပ်)သို့ ချက်ခြင်းတင်ပြရမည်။ ကျောက်များကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း(ရုံးခွဲ)/ တန်ဖိုးဖြတ်အဖွဲ့များနှင့် တူးဖော်ရရှိသည့်ကုမ္ပဏီ/အသင်းတို့ ညှိနှိုင်း၍ ထိန်းသိမ်းထားရှိပြီး ခွင့်ပြုချက်ရရှိမှသာ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း(ရုံးချုပ်)သို့သယ်ဆောင်လာရမည်။

ကျောက်စိမ်းအရိုင်းများ၏ အရည်အသွေး၊ အမျိုးအစားခွဲခြားစစ်ဆေးရာတွင် လိုအပ်သည့် အရောင် စစ်ကရိယာ(Chelsea Colour Filter)၊ (၁၀)ဆချဲ့မှန်ဘီလူး (10x Lens)၊ ကျောက်ကြည့်ဓါတ်မီး၊ ပေကြိုး၊ ဒီဂျစ်တယ်ကတ္တား (တစ်ကရက် မှ ၅၀ တန်ထိ)၊ ရိုးရိုးကတ္တား (၁၀၀ ကီလိုဂရမ် မှ ၂၀ တန်ထိ)စသည့် လုပ်ငန်း သုံးပစ္စည်းများဖြင့် အသုံးပြုဆောင်ရွက်ရမည်။

တတိယအဖွဲ့(THIRD PARTY) ဖွဲ့စည်းဆောင်ရွက်ခြင်း

တန်ဖိုးဖြတ်အဖွဲ့၏ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ပိုမိုပွင့်လင်းမြင်သာမှုရှိစေရေးနှင့် ရတနာခွန် ကောက်ခံရရှိမှုများ တိုးတက်အောင်မြင်စေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်နှင့် စောင့်ကြည့်ကူညီ ဆွေးနွေးတိုင်ပင်နိုင်ရန် ရည်ရွယ်၍ တတိယအဖွဲ့(Third party)ကို အောက်ပါအတိုင်း ဖွဲ့စည်းပါမည်-

(က)      သက်ဆိုင်ရာမြို့နယ်မှရွေးချယ်သည့် ရပ်မိရပ်ဖ                                                   (၁)ဦး

(ခ)        သက်ဆိုင်ရာမြို့နယ်မှ ရွေးချယ်သည့် ကျောက်စိမ်း/ကျောက်မျက်ကျွမ်းကျင်သူ  (၁)ဦး

(ဂ)     ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှအလုပ်အမှုဆောင်ကိုယ်စားလှယ်(၁)ဦး

(ဃ)    ကျောက်စိမ်း/ကျောက်မျက် ကျွမ်းကျင်သူပြင်ပပညာရှင်                          (၁)ဦး

(င)      ကျောက်စိမ်း/ကျောက်မျက်လုပ်ငန်းရှင်                                                (၂)ဦး

တတိယအဖွဲ့(THIRD PARTY)၏ လုပ်ငန်းတာဝန်များ

ကျောက်မျက်/ကျောက်စိမ်းများ၏ အရည်အသွေးသတ်မှတ်မှုသည် လျော်ကန်သင့်မြတ်မှုရှိစေရန် ပြင်ပ ပေါက်ဈေးနှင့် နီးစပ်မှန်ကန်မှုရှိစေရန် တန်ဖိုးဖြတ်အဖွဲ့များနှင့်ညှိနှိုင်းဆောင်ရွက်ရမည်။

ကျောက်မျက်/ကျောက်စိမ်းများကို တန်ဖိုးဖြတ်ခြင်း၊ ရတနာခွန်ကောက်ခံခြင်း လုပ်ငန်းများဆောင်ရွက် ရာတွင် ရေးဆွဲပြဌာန်းထားသည့် လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှန်ကန်မှုရှိစေရန် တန်ဖိုးဖြတ် အဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည်။

ကျောက်ကြီးကျောက်ကောင်းများ ထွက်ရှိမှုသတင်းအခြေအနေကို တန်ဖိုးဖြတ်အဖွဲ့များသို့ ဆက်သွယ်၍ ရတနာခွန်များကို တိကျစွာကောက်ခံရရှိရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည်။

ကျောက်စိမ်းရိုင်း(လုံးစွပ်)များကို အရည်အသွေးခွဲခြားခြင်း  

ကျောက်စိမ်းသည် ဖွဲ့စည်းဖြစ်တည်ပုံ သဘာဝအနေအထားအရ တစ်တုံးတည်းတွင် ဖွဲ့သားအမျိုးမျိုး၊ အရောင် အမျိုးမျိုး၊  ပုံသဏ္ဍာန်အမျိုးမျိုး စသည်ဖြင့်တွေ့ရှိရသဖြင့် အရည်အသွေးခွဲခြားရာတွင် ပုံသေသတ်မှတ်ရန် မလွယ်ကူပါ။ ရှေးဦးစွာ ကျောက်စိမ်းစစ်/မစစ် စစ်ဆေးခြင်း၊ သက်ဆိုင်ရာမှော်/လုပ်ကွက်အလိုက်ဌာနက သတ်မှတ်ပေးထား သောသင်္ကေတအမှတ်အသားအရ လုပ်ငန်းရှင်/ကိုယ်စားလှယ်/ကျင်းဦးစီးတို့မှကျောက်တုံး/ကျောက်ထုပ်ပေါ်တွင်

ရေးမှတ်ထားသည့်မှတ်ပုံတင်နံပါတ် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးပြီးနောက် အောက်ဖေါ်ပြပါအတိုင်း အရည်အသွေး၊ အမျိုးအစားခွဲခြား သတ်မှတ်ရမည်ဖြစ်ပါသည်-

(က)    ကျောက်စိမ်းရိုင်းများကို လုံးစွပ်အတိုင်းအမျိုးအစားခွဲခြားနိုင်ရန် အောက်ဖော်ပြပါအချက်များကို ထည့်သွင်းစဉ်းစားတွက်ချက်ရမည် –

(၁)      အခွံရှိသည့်(လုံးစွပ်)ကျောက်စိမ်းများသည် တွေ့ရှိသည့်မှော်ဒေသ၊ ကျောက်လွှာ အနေ အထား၊ နေရာကိုလိုက်၍အရောင်အမျိုးမျိုး၊ အခွံအထူအပါးအမျိုးမျိုး တွေ့ရှိရပြီး အခွံ

အရောင်အလိုက်အမည်များ ခွဲခြားထားပါသည်။ (ဥပမာ-အပေါ်ယံ မြေမှန်နှင့် သံချေး ကြောလွှာတွင် တွေ့ရသော ခွံဝါ၊ ခွံဖြူ၊ ခွံနီ၊ သံချေးခွံ၊ ဖွဲနုခွံ၊ ဖွဲလတ်ခွံ၊ ဖွဲကြမ်းခွံ၊ သနပ်ခါးခွံများ၊ ကြက်သွေးကြောတွင်တွေ့ရသော ကြက်သွေးခွံ၊ မြင်းချေးခွံများနှင့် မြေပြာကြော၊ ကတေအမဲကြောလွှာမှ တွေ့ရသော မြေပြာခွံ၊ ဆာဖိ၊ ကတေ၊ ချော်မဲ၊ ချော်စိမ်းခွံများ၊ ချောင်းအနီးအနားနှင့် ချောင်းများအတွင်းရှိ အောက်ကြောလွှာများတွင် တွေ့ရသော မုံထုခွံ၊ ဝါးဖတ်ခွံ၊ အာလူးခွံ၊ သစ်တော်ခွံ၊ ခွံပေါက်၊ ခွံစိမ်း စသည်တို့ ဖြစ်သည်။)

(၂)      အခွံအမျိုးအစားတွင် ယမ်း(Crystal)ဖွဲ့သားကြီး၊ လတ်၊ သေး စသည့် ယမ်းအရွယ် အစား(စိပ်၊ ကျဲ၊ ကြပ်၊ ရွ၊ ညီ၊ မညီ) စသည့် ယမ်းဖွဲ့စည်းမှု (ကြမ်း၊ သင့်၊ နု) စသည့် ယမ်းအနေအထားများကို ခွဲခြားသတ်မှတ်ရသည်။

(၃)      ယမ်း(Crystal)ဖွဲ့စည်းပုံကျဲလျှင် ကျောက်သားပျော့ပြီး၊ ယမ်းနုပြီးဖွဲ့စည်းပုံစိပ်လျှင် ကျောက်သား ညက်ကာ ယမ်းအရွယ်အစားကြီးလျှင် ကျောက်သားညံ့တတ်သည်။

(၄)      ကုန်းကျောက်များတွင် အခွံညက်ခြင်း၊ ရွခြင်းရှိလျှင် ကျောက်သားကောင်းတတ်ပြီး အခွံ ကြမ်းခြင်း၊ မညီခြင်းရှိလျှင် ကျောက်သားညံ့တတ်သည်။

(၅)     ရေကျောက်တွင် အခွံညက်ခြင်း၊ ချောခြင်း၊ အဆီတက်ခြင်းရှိလျှင် ကျောက်သားကောင်း တတ်ပြီး အခွံကြမ်းခြင်း၊ မညီခြင်းရှိလျှင် ကျောက်သားညံ့တတ်သည်။

(၆)     ကတေကျောက်များတွင်ချော်ထူခြင်း၊ ကပ်ခြင်းရှိလျှင် ကျောက်သားပျက်တတ်ပြီး၊ ချော်ရွခြင်း၊ ပါးခြင်းရှိလျှင် ကျောက်သားကောင်းတတ်သည်။

(၇)     ငုတ်ဖဲ့ကျောက်စိမ်းများသည် အခွံမရှိဘဲ အဖြူရောင်၊ ဖယောင်းချော်တက်နေသည့် အနေ အထားတွေ့ရပြီး အတွင်းသားကို မြင်တွေ့ရသည့်အတွက် အစိမ်းရောင်၊ ခရမ်းရောင် ပါဝင်မှု ရှိ/မရှိ ထင်ရှားစွာမြင်ရ၍ အရည်ကျောက်၊ အထည်ကျောက်၊ အသားကျောက် အမျိုးအစားကို အလွယ်တကူသတ်မှတ်နိုင်ပါသည်။

( ခ )    အခွံအမျိုးမျိုးပေါ်တွင် အရည်မန်း/ အသားမန်း(ယမ်းပျက်မန်းပျက်)၊ အရည်ပွင့်၊ ခရမ်းရောင် ယမ်းပွေး စသည်ဖြင့် ပြချက်ပါဝင်မှု ရှိ/မရှိ လေ့လာခွဲခြားသတ်မှတ်ရမည် –

(၁)       အရည်/အသားမန်း။  အခွံပေါ်တွင် ယမ်းအနေအထားသည် အခြားနေရာနှင့် မတူဘဲ တွန့်ခေါက်နေသော အစင်းကြောင်းအနေအထားကိုခေါ်သည်။ ပြချက်နေရာတွင် အစိမ်း ရောင်အစအနတွေ့လျှင်(အရပ်ခေါ်တီဖောက်လျှင်) ပွတ်တိုက်၍ အစိမ်းရောင်ရှိလျှင် အရည်မန်း၊ မရှိလျှင် အသားမန်းဟုခေါ်သည်။

(၂)       အရည်ပွေး။   အခွံပေါ်တွင် ယမ်းအနေအထားသည် သစ်ပင်အပွေးတက်နေသကဲ့သို့ အနေ အထားကိုခေါ်သည်။

(၃)       အရည်ပွင့်။              အခွံပေါ်တွင် ယမ်းပွင့်လေးများ ပန်းပွင့်သဏ္ဍာန်ရှိပြီး အစိမ်းရောင် အစက်အပြောက်တွေ့ရလျှင် အရည်ပွင့်ဟုခေါ်သည်။

(၄)       မန်းဖြူ။   ကတေအမဲကြောလွှာ(Cement Conglomerate Bed) မှထွက်သည့် ခွံမဲများတွင်တွေ့ရသည့်ပြချက် အမျိုးအစားဖြစ်သည်။ အခွံပေါ်တွင် အဖြူရောင် (မဖောက်ထုံးအမှုန့်အရောင်) ဖြူးထားသကဲ့သို့ဖြစ်နေသည့် အနေအထား(အရပ်ခေါ် ဗျိုင်းချေးမန်း)ကိုခေါ်သည်။

( ဂ )  အခွံပေါ်တွင်ပြချက်ပါလျှင် ပြချက်အမျိုးအစား ခွဲခြားသတ်မှတ်ရမည်။ ပြချက် အမျိုးအစားများ မှာ-

(၁)       ကြိုးပတ်။     အရည်မန်း၊ အရည်ပွေး၊ အရည်ပွင့်တစ်မျိုးမျိုးသည် ဆက်စပ်လျှက် ကျောက်စိမ်းတုံးတစ်တုံးလုံးကို  ကြိုးသဖွယ်ပတ်နေပါက ကြိုးပတ် ဟုခေါ်သည်။

(၂)       ကျားကိုက်။   အရည်မန်း၊ အရည်ပွေး၊ အရည်ပွင့်တစ်မျိုးမျိုးသည် ဆက်စပ်လျှက် ကျောက်စိမ်းတုံး၏ မျက်နှာပြင်(၃)ဘက်ပတ်နေသော အနေအထား(ကျားကိုက်ထား သည့်ပုံသဏ္ဍာန်) တွေ့ရလျှင် ကျားကိုက်ဟုခေါ်သည်။

(၃)       တံစို့ထိုး။       အရည်မန်း၊ အရည်ပွေးသည် ကျောက်စိမ်းတုံးအခွံတွင် တစ်ဖက်နှင့် တစ်ဖက် တံစို့ထိုးအနေအထား မြင်တွေ့ရလျှင် တံစို့ထိုးဟုခေါ်သည်။

(ဃ)   အခွံပေါ်တွင် ပြချက်နှင့်မှားနိုင်သော အနေအထားများတွေ့ရတတ်၍ ပြချက်ဟုတ်/မဟုတ် သေချာ စွာ စစ်ဆေးခွဲခြားရမည်။ ပြချက်နှင့်မှားနိုင်သော အနေအထားများမှာ-

(၁)       ကပ်ရည်။      အခွံအပေါ်ယံတွင်သာကပ်နေသောအနေအထားဖြစ်သည်။ ကောက်ရော့ ဟုလည်းခေါ်၍ အတွင်းသားထိ အရည်မဝင်တတ်ပါ။

(၂)       ဖားမျက်ဆံ။   အခွံပေါ်တွင် ဖားမျက်စိကဲ့သို့ဖုထွက်နေသော အစိမ်းရောင်အကွက်၊ အစေ့လေးများဖြစ်သည်။ အရည်ပွေး၊ အရည်မန်းနှင့် လွှဲမှားနိုင်သဖြင့် သတိပြုရမည်။

(၃)       ချော်စိမ်း။     ကတေအောက်ကြောများနှင့် ချောင်းအတွင်းမှထွက်ရှိသည့် ရေခွံများ                              တွင် တွေ့ရှိရတတ်ပြီး အခွံအရောင်မှာအစိမ်းရောင်ရှိ၍ ပြချက်နှင့်မှားတတ်သည်။

( င )    ကျောက်စိမ်းလုံးစွပ်များတွင်  အပြစ်အနာများကို အခွံပေါ်တွင် တစ်ခါတစ်ရံ  တွေ့မြင်နိုင်ပြီး                    တစ်ခါတစ်ရံဖြတ်တောက်ပြီးမှသာ တွေ့မြင်ရသည်။ သေချာစွာစစ်ဆေးကြည့်ရန်လိုအပ်ပါသည်။                   တွေ့ရတတ်သော အပြစ်အနာများမှာ –

(၁)       အနာ။        အခွံပေါ်တွင် တွေ့ရတတ်သောအက်ကြောင်း၊ အက်ရာအကြီးအသေးများ ကိုခေါ်သည်။ အလျားလိုက်သော်လည်းကောင်း၊ ဒေါင်လိုက်သော်လည်းကောင်း၊ ကြက်ခြေခတ်အနေအထားသော်လည်းကောင်း တွေ့ရတတ်သည်။ အက်ကြောင်းကြီး လျှင် အတွင်းသားထိဝင်နိုင်ပြီး အရည်ကြောရှိလျှင် တစ်ဖက်သို့မကူးနိုင်ပေ။

(၂)       ရှင်း။          အခွံပေါ်တွင်အနက်ရောင်အကြော(Amphibole, Tremolite) တွေ့ရ လျှင် ရှင်းဟုခေါ်သည်။ အများအားဖြင့် ရှင်းသည်ကျောက်သားနှင့် အသွေးအရောင်ကို ဖျက်ဆီးတတ်သည်။ ခြွင်းချက်အနေဖြင့် အစိမ်းရောင် အရည်ကြောသည် ရှင်းနှင့် ကပ်လျက် သီးခြားရှိလျှင် အရည်ကောင်းတတ်ပြီး ရှင်းအောက်မြခိုဟု ခေါ်သည်။

(၃)       ဝက်မှင်။     အခွံပေါ်တွင်တွေ့ရတတ်သော အနက်စက်အနက်စင်းများကိုခေါ်သည်။ အသားတွင်လည်းကောင်း၊ အရည်ရှိသော အပိုင်းတွင်လည်းကောင်း၊ ဝက်မှင်ကဲ့သို့ အနက်စက်အနက်စင်းလေးများ တိုးဝင်နေတတ်သည်။

(၄)       မောက်။      အခွံနှင့်ကပ်လျက်ပတ်လည်တွင် မီးခိုးရောင်သန်းသည့်အပိုင်းဝင်ရောက် နေခြင်းကိုခေါ်သည်။ မောက်သားရှိသည့်အပိုင်းတွင် အရည်စွဲလျှင်အရောင် မပွင့်ဘဲ ထိုင်းတတ်သည်။

(၅)       မာရား။      ကျောက်သားတွင် ကျောက်စိမ်းမဟုတ်သော (Silica) ဝင်ရောက်နေခြင်း ကိုခေါ်သည်။ ကျောက်သားတွင်နို့နှစ်ကဲ့သို့ အဖြူရောင်နှင့်ပြောင်လက်နေသော အနေ အထားကို အကြောင်းလိုက်တွေ့ရတတ်သည်။ ကျောက်သားကို ဖျက်ဆီးသဖြင့် အပြစ် အနာအဖြစ် ထည့်သွင်းတွက်ချက်ရသည်။

(၆)       အသားပျက်။    ကျောက်သားတွင်ကျောက်စိမ်းမဟုတ်သည့်မာဆင့်နည်းသော အခြား အမျိုးအစားများ ရောနှောပါဝင်နေခြင်းကိုခေါ်သည်။ ကျောက်အသားခံကို ပျက်စီး စေတတ်ပြီး အရောင်တင်လျှင်မတက်ပေ။

(၇)       ကွမ်းသွေး။  အခွံပေါ်တွင်အနီရောင်၊ အနက်ရောင်အစက်များတွေ့ရသည့်အနေအထား ကိုခေါ်သည်။ ဖြတ်တောက်ကြည့်လျှင် ကျောက်သားတွင်အနီစက်၊ အနက် အစက် အပြောက်များ တွေ့ရတတ်သည်။

(၈)       ဖြုတ်ချေး။  အခွံပေါ်တွင် အနက်စက်၊ အညိုစက်များတွေ့ရခြင်းကိုခေါ်သည်။ ဖြတ်တောက်ပါက ဖားဥစွဲသည့်ပုံသဏ္ဍာန်အနေအထားတွေ့ရတက်ပါသည်။

(၉)       ဆံပြုတ်။     အခွံပေါ်တွင် ပုံမှန်ယမ်း (Crystal)များအတွင်း အရွယ်ကြီးယမ်းများ (Very Coarse Grain Crystal)ပါဝင်ခြင်းကိုခေါ်သည်။ ဖြတ်သားမျက်နှာပြင်တွင် ဝတ်ဆံများ၊ အမြုပ်များသည် ဆံပြုတ်သားကဲ့သို့ ဝင်ရောက်ပြီး ကျောက်သားပိတ် တတ်ပါသည်။

( စ )   အထက်ဖော်ပြပါအချက်များသည် အခွံပေါ်တွင် ကြည့်ရှုစစ်ဆေးရမည့်အချက်များဖြစ်၍ ပြချက် ပါဝင်မှုအနေအထား၊ ယမ်းအနေအထား၊ အပြစ်အနာအနေအထားများကို သေချာစွာစစ်ဆေး ကြည့်ရှုနိုင်ရန်အလို့ငှာအခွံပေါ်တွင် ချော်များဖုံးအုပ်နေပါက ချော်ခေါက်ခြင်း၊ ချော်ခွာခြင်း၊ ရွှံ့နှင့်သဲများ ဖုံးအုပ်နေပါက ရေဖြင့်ဆေးကြောသန့်စင်ခြင်းများကို မဖြစ်မနေဆောင်ရွက်ရမည်။ ဆောင်ရွက်ပြီးမှသာစစ်ဆေးကြည့်ရှုရမည်။ အထက်ပါအချက်များအပြင် ကျောက်စိမ်းအရိုင်း၏ ပုံသဏ္ဍာန်မှာလည်းလုံးဝန်းသည့်ပုံသဏ္ဍာန်၊ ပြားသည့်ပုံသဏ္ဍာန်တို့သည် အချောထည်ထုတ်ယူ ရရှိနိုင်သည့် အ‌ခြေအနေများစွာ ကွာခြားသဖြင့် တန်ဖိုးသတ်မှတ်ရာတွင် ထည့်သွင်းတွက်ချက် ရန် လိုအပ်မည်ဖြစ်ပါသည်။

ကျောက်စိမ်းအရိုင်း(လုံးစွပ်)များကို အရည်အသွေးခွဲခြားသတ်မှတ်ခြင်း

ကျောက်စိမ်းအရိုင်း(လုံးစွပ်)များကို အရည်အသွေးခွဲခြားနိုင်ရန် တူးဖေါ်ထွက်ရှိသည့် ရတနာနယ်မြေမှ မှော်၊ ထွက်ရှိသည့်အကြော၊ ကျောက်လွှာအနေအထား၊ ပြချက်အနေအထားတို့ကို ထည့်သွင်းစဉ်းစားတွက်ချက် ပြီး ပူးတွဲဇယားပါအချက်အလက်များကို အခြေခံ၍ အရည်အသွေး ခွဲခြားသတ်မှတ်ရမည်။

 

ကျောက်စိမ်းအရိုင်း(ဖြတ်သား)များကို အရည်အသွေးခွဲခြားခြင်း

ကျောက်စိမ်းအရိုင်း(ဖြတ်သား)များကိုအရည်အသွေးခွဲခြားရာတွင်အတွင်းပိုင်းရှိကျောက်သား အနေအထား၊ အရောင်အသွေးပါဝင်မှုနှင့် အပြစ်အနာတို့ကို အလွယ်တကူ စစ်ဆေးကြည့်ရှုရပါသည်။ ဖြတ်တောက်ပြီး၍ ကျောက်စိမ်းရိုင်းအတွင်းသားကို တွေ့မြင်ရသဖြင့် မျက်မြင်အနေအထားအတိုင်း အရည်ကျောက်၊ အထည် ကျောက်၊ အသားကျောက်ကို အခက်အခဲမရှိ ခွဲခြားသတ်မှတ်နိုင်ပါသည်။ သို့သော် တွေ့မြင်ရသည့် ဖြတ်သား မျက်နှာပြင်ပေါ်ရှိ အချက်အလက်များအား မူတည်၍ အမျိုးအစား၊ အရည် အသွေးခွဲခြားသတ်မှတ်ခြင်းသည် ဖြတ်သားမျက်နှာပြင်ပေါ်တွင်သာ မှန်ကန်မှုရှိပြီး ကျောက်စိမ်းအရိုင်းတုံး၏ ကျန်ရှိနေသည့် အတွင်းသားပိုင်းနှင့် အကာပိုင်းတွင် ပြောင်းလဲမှုရှိနိုင်ပါသည်။ ဖြတ်သားပေါ်တွင် အရည်ပါဝင်မှုရှိသော်လည်း အထဲအထိ ဝင်ရောက်မှု မရှိသည့် ကျောက်စိမ်းရိုင်းများရှိသကဲ့သို့ဖြတ်သားပေါ်တွင် အစိမ်းရောင်အစက်အပြောက်မျှသာပါဝင်သော်လည်း ၎င်း၏အတွင်းပိုင်းအထိ အရည်စွဲဝင်မှုရှိသည့် ကျောက်စိမ်းရိုင်းဖြတ်သားများလည်း တွေ့ရှိရတတ်ပါသည်။ တွေ့မြင်နေသည့် ဖြတ်သား၏ ကျောက်သားအနေအထားအရ အသားကျောက်သတ်မှတ်ထားသည့် ဖြတ်သား များ ထပ်မံဖြတ်တောက်ပြီးပါကအရည်စွဲဝင်မှုရှိကြောင်း တွေ့ရှိရပါသည်။ သို့ပါ၍ ကျောက်စိမ်းအရိုင်းဖြတ်သား များကို အရည်အသွေးသတ်မှတ်ရာတွင် အတွေ့အကြုံကို အခြေခံ၍ ဖြတ်သားမျက်နှာပြင်နှင့် အခွံအနေအထား၊ ကျောက်သားဖွဲ့စည်းပုံ၊ အနာအဆာများကို သေချာစွာကြည့်ရှုစစ်ဆေး၍ အရည်အသွေးခွဲခြား သတ်မှတ် ရပါသည်။

ကျောက်စိမ်းရိုင်း ဖြတ်သားများကို အရောင်ပါဝင်မှု(Colour)၊ ဖွဲ့သား(သို့မဟုတ်) ကျောက်သားဖွဲ့စည်းပုံ အနေအထား(Fine, Medium, Coarse grain, Texture)၊ အလင်းပေါက်မှုအတိုင်းအတာ(Transparency)ကို အခြေခံကာအပြစ်အနာ(Flaw)၊ အချောထည်ထုတ်လုပ်နိုင်မှု(Finished Product)၊ အရည်စွဲဝင်မှုအတိုင်းအတာ တို့ကို တွက်ချက်၍ အရည်ကျောက်(Imperial Jade)၊ အထည်ကျောက်(Commercial Jade)၊ အသားကျောက် (Utility Jade)ဟူ၍ (၃)မျိုး သတ်မှတ်ပါသည်-

(က)    အရည်ကျောက် (Imperial Jade)။        ကြည်လင်သော(သို့မဟုတ်)အသင့်အတင့် ကြည်လင် သော၊ ဖွဲ့သားညက်သော ကျောက်သားတွင် အဝါရိပ်နှင့် အပြာရိပ်အနည်းငယ်သာပါဝင်သော အစိမ်းရောင်အရည်သည်ပိပိခဲခဲစွဲဝင်နေခြင်း၊ စွဲဝင်နေသောအပိုင်းသည် အနည်းဆုံး(၁၀)ကရက် အရွယ်လုံးချောစေ့ထုတ်ယူနိုင်ပြီးအရည်စွဲဝင်မှုအတိုင်းအတာသည် (1.5×1.5×1.5)cmရှိခြင်း စသည့်အချက်များနှင့်ပြည့်စုံပါက အရည်ကျောက်သတ်မှတ်ပါသည်။ ပါဝင်သော အစိမ်းရောင် အမျိုးအစားကိုမူတည်၍ အရည်ကျောက်ကို အောက်ပါအတိုင်း(၇)မျိုးခွဲခြားထားပါသည်-

(၁)      စိမ်းဝါပြာ(လန့်လုဆွေး)

(၂)      စိမ်းပြာနုဝါ(လန့်လုကြီး)

(၃)      စိမ်းပြာဝါ(လန့်လု)

(၄)      စိမ်းဝါရင့်(ဆွေးလုကြီး)

(၅)     စိမ်းဝါ(ဆွေးလု)

(၆)     ပဲစိမ်းဝါရင့်(ပဲဆွေးလုကြီး)

(၇)     ပဲစိမ်းဝါ(ပဲဆွေးလု)

( ခ )    အထည်ကျောက်(Commercial Jade)။   ကြည်လင်သော(သို့မဟုတ်)အသင့်အတင့် ကြည်လင်               သော ကျောက်သားတွင် အစိမ်းရောင်အရည်ပါဝင်မှု ပိပိခဲခဲမရှိဘဲ အစက်အပြောက် အသွင်ပုံ                  သဏ္ဍာန်သာရှိသောကျောက်များ၊ လှပသော ခရမ်းရင့်ရောင်ပါဝင်သည့် ကျောက်များ၊ အဆင့်မြင့်               ကျောက်သားတွင် အစိမ်းရောင်/အစိမ်းရိပ်ပါဝင်သောကျောက်များ၊ ခရမ်းရိပ်ပါဝင်သည့် အသင့်            အတင့်ကြည်လင်သော ကျောက်သားတွင် အစိမ်းပန်းပါဝင်သောကျောက်များ၊ ခုံ့နီ/ဝါစွဲဝင်နေ           သောအသားကြည်ကျောက်သားတွင် အစိမ်းပန်းပါဝင်နေသောကျောက်များ၊ အစိမ်းရောင်အရည်                   ပြည့်ပါဝင်သည့် အလင်းပိတ်နီးပါးကျောက်သားဖြင့် ဖွဲ့စည်းထားသော ကျောက်များကို အထည်             ကျောက်သတ်မှတ်ပါသည်။ ကျောက်ဖွဲ့သားနှင့် အရောင်ပါဝင်မှုတို့အပေါ် မူတည်၍ အထည်               ကျောက်ကို အောက်ပါအတိုင်း(၇)မျိုးခွဲခြားထားပါသည် –

(၁)      ထည်ပြာစိမ်း(လန့်ဆွေး)

(၂)      ထည်စိမ်းဖြူပြောက် (ဆွေးလုပြောက်)

(၃)      ထည်မဲစိမ်းကြား (ရှင်းကြာလု)

(၄)      ထည်ပဲစိမ်း(ပဲစိမ်း)

(၅)     ထည်ပဲစိမ်းပြာ (ပဲသားလန့်)

(၆)     ထည်ခရမ်းနီ(ချွမ်နီ)

(၇)     ထည်ခရမ်းပြာ(ချွမ်ပြာ)

( ဂ )   အသားကျောက် (Utility Jade)။   အသားကျောက်တွင် ကျောက်စိမ်း၏ဖွဲ့သား(သို့) ကျောက်သားသည်အရေးကြီးဆုံးဖြစ်ပြီး အသားကျောက်ကို အရောင်ပါဝင်မှု(Colour)၊ ယမ်း ဖွဲ့သား အကြမ်း၊အလတ်၊ အနု (Texture)၊ အလင်းပေါက်မှုအတိုင်းအတာ(Transparency)၊ အပြစ်အနာပါဝင်မှု(Flaw)၊ ရုပ်ထု/ရုပ်ထွင်း/ပန်းပု ထုလုပ်နိုင်မှု အနေအထား(Finished Product)စသည့် ပူးတွဲဇယားပါအခြေခံအချက်(၅)ချက်ပေါ်မူတည်၍ အဆင့်မြင့်အသား ကျောက်(High Grade Utility Jade)၊ ပထမတန်းစားအသားကျောက်(UJR-A)၊ ဒုတိယ တန်းစားအသားကျောက်(UJR-B)၊ တတိယတန်းစားအသားကျောက်(UJR-C)၊ စတုတ္ထတန်း စား အသားကျောက် (UJR-D)၊ စတုတ္ထတန်းစားအသားကျောက်အောက်နိမ့်သော Lower Than UJR-D (L.D) နှင့်ရတနာတန်းမဝင်သော ပယ်ကျောက်Rejection(RJ)ဟူ၍ အမျိုး အစားခွဲခြားသတ်မှတ်ထားပါသည်။ ကျောက်စိမ်းရိုင်းအသားကျောက်အဆင့်အတန်းသတ် မှတ်ချက်များနှင့် အမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁)      အဆင့်မြင့်အသားကျောက်(High Grade Utility Jade)။              ကျောက်သား                             (Texture)နှင့် အလင်းပေါက်မှု(Transparency)သည်အဓိကဖြစ်သည်။ ကျောက်သား                     အနေဖြင့်  လွန်စွာကျစ်လျစ်မာကြောညက်ညောသည့်  (Very Fine grain texture)                           ဖြစ်ရမည်။ ဖန်သားမှန်သားတမျှကြည်လင်သည့် အလင်းပေါက်အနေအထား (Semi-                             Transparency) ဖြစ်ရမည်။ အနာပါဝင်မှုမရှိရပါ။ ပါဝင်ပါကလည်း သေးငယ်သော အနာ

(Minor Flaw)သာဖြစ်ရမည်။ အဖြူရောင်နှင့် အခြားအရောင်အမျိုးမျိုးပါဝင်နိုင်ပြီး                              တန်ဖိုးကြီးရုပ်ထု၊ ရုပ်ထွင်း၊ လက်ကောက်၊ ဆွဲပြားနှင့်လုံးချောများ ထုတ်ယူနိုင်ရမည်။                              ဖွဲ့စည်းထားသည့် ကျောက်သားပေါ်မူတည်၍  အဆင့်မြင့်အသားကျောက်ကို အောက်ပါ                              အတိုင်း (၄)မျိုးခွဲခြားထားပါသည် –

(ကက) ဖန်သားမှန်သား(ဘော်လီသား)

( ခခ  ) ရေခဲသား(အသားဆန်း)

( ဂဂ  ) အသားဆန်းပန်း(အသားဆန်းလန့်ပန်း)

(ဃဃ) လန့်နက်(Black Jade)

(၂)      ပထမတန်းစားအသားကျောက်အရိုင်း(Utility Jade Rough-A)။           ကျောက်သား (Texture)နှင့် အလင်းပေါက်မှုအနေအထား(Transparency)ကောင်းမွန်ရမည်။ ယမ်းညက်(Fine grain texture)ဖြစ်ရမည်။ အလင်းပေါက်မှုတွင် ဖန်သားတစ်မျှ ကြည်လင်သော၊ သာမန်ကြည်လင်သော၊ အနည်းငယ်မျှသာကြည်လင်သော (Semi-Transparency, Semi-Translucent, Translucent) ဖြစ်ရမည်။ အနာ မပါဝင်သော၊ ပါဝင်ပါကလည်း သေးငယ်သောအနာသာပါဝင်ရမည်။ သိသာ ထင်ရှားသည့် အစိမ်းရောင်၊ ခရမ်းရောင်များ ပါဝင်မှုမရှိရသော်လည်း အစိမ်းနုရောင် (Pale Green)၊ ခရမ်းနုရောင် (Pale Lavender) တို့ ပါဝင်နိုင်သည်။ တန်ဖိုးကြီး ရုပ်ထု၊ ရုပ်ထွင်း အကြီးစားများနှင့် လက်ကောက်၊ ပုတီးစေ့များထုတ်လုပ်ရရှိနိုင်သည်။

(၃)      ဒုတိယတန်းစားကျောက်စိမ်းအသားကျောက်အရိုင်း(Utility Jade Rough-B)။ ကျောက်သား(Texture)အနေဖြင့် ယမ်းညက်(Fine Grain)၊ ယမ်းလတ် (Medium Grain)နှစ်မျိုးလုံးပါဝင်နိုင်သည်။ အလင်းပေါက်အနေအထား (Transparency) အနေဖြင့် သာမန်ကြည်လင်သော၊ အနည်းငယ်မျှသာ ကြည်လင်သော ( Semi-Translucent, Translucent)တို့ ဖြစ်ရမည်။ အပြစ်အနာ အသင့်အတင့် ပါဝင်နိုင်သည်။ သိသာထင်ရှားသည့် အစိမ်းရောင်၊ ခရမ်းရောင်ပါဝင်မှု မရှိရသော်လည်း အစိမ်းနု(Pale Green)၊ ခရမ်းနု(Pale Lavender)တို့ ပါဝင်နိုင်သည်။ တန်ဖိုးကြီး ရုပ်ထု၊ ရုပ်ထွင်း အလတ်စားများနှင့်လက်ကောက်၊ ဆွဲသီး၊ ဆွဲပြားများ ထုတ်လုပ်ရရှိနိုင်သည်။

(၄)      တတိယတန်းစားကျောက်စိမ်းအသားကျောက်အရိုင်း (Utility Jade Rough- C)။ ကျောက်သား(Texture)နှင့် အလင်းပေါက်အနေအထား(Transparency) အနေဖြင့် အသားကျောက်(A)နှင့်(B)ကဲ့သို့ ကောင်းမွန်ခြင်းမရှိပါ။ ကျောက်သားအနေအထားအား ဖြင့် ယမ်းလတ်(Medium Grain)နှင့် ယမ်းကြမ်း(Coarse Grain)နှစ်မျိုးလုံး ပါဝင်နိုင် သည်။ အလင်းပေါက်အနေအထားအားဖြင့် အလင်းမှုန်(Semi-Translucent)၊ အလင်းပိတ် (Opaque)နှစ်မျိုးလုံး ပါဝင်နိုင်သည်။ အဖြူရောင်၊ အမည်းရောင်များသာ အများဆုံး ပါဝင်သည်။ အပြစ်အနာများပါဝင်သဖြင့် တန်ဖိုးအသင့်အတင့်ရှိသော လက်ကောက်၊ ရုပ်ထုရုပ်ထွင်း အသေးစားများသာ   ထုတ်လုပ်ရရှိနိုင်ပါသည်။

(၅)     စတုတ္ထတန်းစား ကျောက်စိမ်းအသား ကျောက်အရိုင်း  ( Utility  Jade  Rough -D)။ ကျောက်သား (Texture)အနေဖြင့် ယမ်းကြမ်း( Coarse Grain) အနေအထား၊ အလင်း ပေါက်မှု(Transparency)အနေဖြင့် အလင်းမှုန်(Semi-Translucent)နှင့် အလင်းပိတ် (Opaque)အနေအထားတို့ဖြစ်ပါသည်။ အဖြူရောင်နှင့်အမည်း ရောင်များသာအဓိက ပါဝင်ပါသည်။ အပြစ်အနာများသောကြောင့် တန်ဖိုးနည်းနံရံကပ်ကျောက်ပြားနှင့် ပုတီး စေ့များသာ ထုတ်လုပ်ရရှိနိုင်ပါသည်။

(၆)     စတုတ္ထတန်းစားအောက်နိမ့်သော ကျောက်စိမ်းအသားကျောက်အရိုင်း Lower than UJR-D (L .D)။        အပြစ်အနာများသော အလင်းမှုန်နှင့် အလင်းပိတ်ဖြစ်သော ကျောက်ဖွဲ့သားကြမ်းသောရှင်း(Amphibole) မာရား၊ ခွေးရိုး၊ ကွမ်းသွေး၊ ဆံပြုတ်၊ ပိန်းဥသား၊ ကျီးကန်းသားစသည့်အပြစ်များ တစ်စိတ်တစ်ပိုင်းပါဝင်ပါသည်။အပြစ်အနာ များပါဝင်သောအပိုင်းကိုဖယ်ရှားချန်လှပ်ပြီး ကျန်ရှိသောကျောက်သားအပိုင်းကို နံရံကပ် ကျောက်ပြားနှင့်ပုတီးစေ့များသာထုတ်ယူနိုင်သောကျောက်သားအမျိုးအစားဖြစ်ပါသည်။

(၇)     ရတနာတန်းမဝင် ပယ်ကျောက် Rejection (R.J)။         အပြစ်အနာများသော ၊ အလင်းမှုံနှင့်အလင်းပိတ်ဖြစ်သော၊ ကျောက်ဖွဲ့သားကြမ်းသော၊ ရှင်း(Amphibole)၊ မာရား၊ ခွေးရိုး၊ ကွမ်းသွေး၊ ဆံပြုတ်၊ ပိန်းဥသား၊ ကျီးကန်းသား စသဖြင့်အပြစ်အနာ များပါဝင်သဖြင့် တန်ဖိုးနည်းပါကေးပြားနှင့် ပုတီးစေ့မျှပင် ထုတ်ယူ၍မရနိုင်သော၊ ထုတ်ယူနိုင်သော်လည်း ရောင်းရတန်ဖိုးထက်ထုတ်လုပ်မှု ကုန်ကျစရိတ်များနေ၍ အရှုံးပေါ်နိုင်သဖြင့် မည်သည့်အရာမျှ ထုတ်လုပ်မှုမပြုတော့ဘဲ စွန့်ပစ်ရန်အဆင့်သာရှိ သော ကျောက်သားအမျိုးအစားဖြစ်ပါသည်။

ကျောက်စိမ်းအရိုင်းများကို တန်ဖိုးသတ်မှတ်ခြင်း

တန်ဖိုးဖြတ်အဖွဲ့များသည် လုပ်ကွက်/မှော်များက တူးဖော်ရရှိသော ကျောက်စိမ်း၊ ကျောက်မျက်အရိုင်းများ ကို တွင်းဝခွန်/ရတနာခွန်ကောက်ခံရာတွင် နိုင်ငံတော်အတွက်ရသင့်ရထိုက်သည့် ရတနာခွန်များ မှန်မှန်ကန်ကန် ကောက်ခံရရှိရေးအတွက် စျေးကွက်ပေါက်ဈေးအတိုင်း(သို့မဟုတ်) အနီးစပ်ဆုံး တန်ဖိုးဖြတ်သတ်မှတ်နိုင်ရမည်။ ကျောက်စိမ်းအရိုင်းများကို အရည်ကျောက်၊ အထည်ကျောက်၊ အဆင့်မြင့် အသားကျောက်၊ အသားကျောက်(အေ၊ ဘီ၊ စီ၊ ဒီ)ဟူ၍ အရည်အသွေးခွဲခြားရရှိပြီးပါက တန်ဖိုးဖြတ်ခြင်းကို ဆက်လက်ဆောင်ရွက်ပါသည်။ အရည် ကျောက်၏ အလေးချိန်ကို (ကရက်)ဖြင့်သတ်မှတ်ပြီး၊ အထည်ကျောက်နှင့် အသားကျောက်များ၏ အလေးချိန်ကို (ကီလိုဂရမ်)ဖြင့် သတ်မှတ်ပါသည်။ ရတနာပြပွဲများတွင် ရောင်းချရရှိသော စျေးနှုန်းများအပေါ်အခြေခံ၍ အရည် ကျောက်တစ်ကရက်၏ စျေးနှုန်း၊ အထည်ကျောက် အမျိုးအစားအလိုက် တစ်ကီလိုစျေးနှုန်း၊ အသားကျောက် အမျိုး အစားအလိုက် တစ်ကီလိုစျေးနှုန်းများကို သတ်မှတ်ရရှိပါသည်။ သတ်မှတ်ရရှိသည့်စျေးနှုန်းများအရ နိုင်ငံခြားငွေ (ယူရို)ဖြင့် ရှေးဦးတန်ဖိုးသတ်မှတ်ပါသည်။ ၎င်းနောက် လက်ရှိနိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းဖြင့် တွက်ချက်၍ မြန်မာကျပ်ငွေဖြင့်အောက်ပါအတိုင်းတွက်ချက်တန်ဖိုးသတ်မှတ်ပါသည်-

(က)    ကျောက်စိမ်းအရည်ကျောက်အရိုင်းကိုတန်ဖိုးသတ်မှတ်ခြင်း        ကျောက်စိမ်းအရည်ကျောက် အရိုင်းကိုတန်ဖိုးသတ်မှတ်ရာတွင် ကျောက်စိမ်းအရိုင်းပေါ်ရှိ ပြချက် အစိမ်းရောင်များမှ ထွက်ရှိလာနိုင်မည့် အရည်ကျောက်လုံးချော အချောထည်များ၏ အလေးချိန် ကို ဦးစွာတွက်ချက်ရပေမည်။ ထိုသို့တွက်ချက်ရရှိသော ကျောက်စိမ်းအလေးချိန်ကရက်ကို တစ်ကရက်လျှင်ရတနာပြပွဲများတွင် ရောင်းချရသောဈေး(Sold Price)နှုန်းဖြင့် မြှောက်လျှင် တန်ဖိုးရရှိပါသည်။ အရည်များ၏တန်ဖိုးကို အမျိုးအစားအလိုက် တစ်ကရက်လျှင် ယူရို(၁၀၀)မှ ယူရို(၁၀၀၀၀)ထိတန်ဖိုးသတ်မှတ်နိုင်ပါသည်။ ထိုသို့တွက်ချက်၍ရရှိသော ကျောက်စိမ်းတန်ဖိုး ယူရိုငွေကိုလက်ရှိ ယူရိုပေါက်ဈေးဖြင့်မြှောက်လျှင် ပြင်ပပေါက်စျေးရရှိပါသည်။

( ခ )    ကျောက်စိမ်းအထည်ကျောက်အရိုင်းကိုတန်ဖိုးသတ်မှတ်ခြင်း      အထည်ကျောက်အရိုင်းကို တန်ဖိုးသတ်မှတ်ရာ၌ အလေးချိန်တစ်ကီလိုနှုန်းကို အခြေခံ၍ တန်ဖိုး သတ်မှတ်ရပါသည်။ ကျောက်စိမ်းအရိုင်းတုံး၏ အလေးချိန်ကို တိကျမှန်ကန်စွာချိန်တွယ်ပြီး ပါကသို့မဟုတ် ချိန်တွယ်၍မရနိုင်သော ကျောက်စိမ်းတုံးကြီးများကို ထုထည်နည်း(Volume Method)ဖြင့် အလေးချိန်တွက်ချက်၍ ၎င်းအလေးချိန်ကို ရတနာပြပွဲများတွင် တင်ပြရောင်းချ ရသော ဈေး(Sold Price)တစ်ကီလိုနှုန်းဖြင့်‌မြှောက်ပါက ၎င်းအထည်ကျောက်၏ တန်ဖိုးရရှိ ပါသည်။ အထည်ကျောက်အရိုင်းများ၏ တန်ဖိုးကိုအမျိုးအစားအလိုက် တစ်ကီလိုလျှင် ယူရို(၅၀၀)မှ ယူရို(၅၀၀၀)ထိ တန်ဖိုးသတ်မှတ်နိုင်ပါသည်။ ထိုတန်ဖိုးသတ်မှတ်၍ ရရှိသော ယူရိုငွေကို လက်ရှိယူရိုငွေနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းဖြင့်တွက်ချက်၍ မြန်မာကျပ်ငွေ တန်ဖိုးတွက်ချက်ရမည်။

( ဂ )   ကျောက်စိမ်းအသားကျောက်အရိုင်းကိုတန်ဖိုးသတ်မှတ်ခြင်း။    အသားကျောက်အရိုင်း ကို တန်ဖိုးမသတ်မှတ်မီ ဦးစွာပထမ အသားကျောက်၏ အတန်းအစားကိုခွဲခြားရပေမည်။ သတ်မှတ်ထားသော ကျောက်စိမ်းအသားကျောက်အတန်းအစားမှာ အဆင့်မြင့်အသားကျောက်၊ အသားကျောက်ပန်းစ၊ ပထမတန်းစား(UJR-A)၊ ဒုတိယတန်းစား(UJR-B)၊ တတိယတန်းစား (UJR-C)၊ စတုတ္ထတန်းစား(UJR-D)နှင့် စတုတ္ထတန်းစားအောက်(UJR-L.D)ဟူ၍ အတန်း အစား(၇)မျိုး ခွဲခြားထားပါသည်။ ထိုသို့အတန်းအစားခွဲခြားပြီးသော ကျောက်စိမ်းအရိုင်းများ ကို အတွဲများဖွဲ့စည်းပြီး ရတနာပြပွဲသို့ သတ်မှတ်အခြေခံဈေးနှုန်းများဖြင့် တင်ပြရောင်းချ ပါသည်။ ရတနာပြပွဲများတွင် တင်ပြသော အသားကျောက် အရိုင်းဈေးနှုန်းများကို အခြေခံ၍ အောက်ပါအတန်းအစားများ အလိုက်တစ်ကီလိုဈေးနှုန်းကို တန်ဖိုးသတ်မှတ်ရပေမည်။ အသား ကျောက်(RJ)များကို ရတနာပြပွဲတွင် တင်ပြရောင်းချခြင်းမပြုပါ။ အသားကျောက်အရိုင်းများ ကို အတန်းအစားအလိုက် ချိန်တွယ်၍ရရှိသော အလေးချိန်(သို့မဟုတ်) ချိန်တွယ်၍မရသော ကျောက်စိမ်းတုံးကြီးများကိုမူ ထုထည်ပမာဏကိုတိုင်းတာ၍ အလေးချိန် တွက်ချက်သောနည်း (Volume Method)ဖြင့် တိုင်းတာတွက်ချက်ရရှိသော အလေးချိန် ကီလိုကို ရတနာပြပွဲများတွင် တင်ပြ ရောင်းချရသောဈေး(Sold Price) တစ်ကီလို ဈေးနှုန်းများဖြင့်မြှောက်လျှင် ၎င်းကျောက် စိမ်းတုံးများ၏ တန်ဖိုးအသီးသီးကိုရရှိပေမည်။ ထိုသို့ရရှိသော ယူရိုငွေကို လက်ရှိယူရိုငွေနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းဖြင့်မြှောက်ပြီး မြန်မာကျပ်ငွေဖြင့်အောက်ပါအတိုင်းတန်ဖိုး သတ်မှတ် ရမည်-

(၁)  အဆင့်မြင့်အသားကျောက်                          (၁၀၀၀)ယူရို   မှ    (၁၀၀၀၀၀)ယူရို

(၂)   ပန်းစပါအသားကျောက်(G.S)             (၁၅၀)ယူရို     မှ       (၅၀၀)ယူရို

(၃)  ပထမတန်းစားအသားကျောက် (UJR-A)        (၇၀)ယူရို       မှ       (၁၅၀)ယူရို

(၄)  ဒုတိယတန်းစားအသားကျောက်(UJR-B)         (၃၀)ယူရို       မှ       (၇၀)ယူရို

(၅)  တတိယတန်းစားအသားကျောက်(UJR-C)       (၈)ယူရို                   မှ          (၃၀)ယူရို

(၆)  စတုတ္ထတန်းစားအသားကျောက်(UJR-D)        (၁)ယူရို                   မှ          (၈)ယူရို

(၇)  စတုတ္ထတန်းစားအောက်နိမ့်သော

အသားကျောက်(UJR-L .D)                (၀.၅)ယူရို      မှ       (၁)ယူရို

နိုင်ငံတော်မှ နိုင်ငံသားများကိုကျောက်မျက်ရတနာတူးဖော်လုပ်ကိုင်ခွင့်ပြုခဲ့သဖြင့် ကုမ္ပဏီ/အသင်း/ ပုဂ္ဂလိကတို့သည် ကျောက်မျက်ရတနာတူးဖော်ထုတ်လုပ်ခြင်း ရောင်းဝယ်ခြင်းလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျှက်ရှိရာတူးဖော်ရရှိသည့်ကျောက်မျက်ရတနာများကို သင့်တော်သည့်တန်ဖိုးသတ်မှတ်၍ နိုင်ငံတော် အတွက် ရသင့်ရထိုက်သော အခွန်အခများ အပြည့်အဝကောက်ခံရရှိရေးအတွက်  မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသည် မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခေတ်နှင့်လျော်ညီသော တန်ဖိုးဖြတ်အဖွဲ့များကို ဖွဲ့စည်း၍ ကျောက်မျက်ရတနာအရိုင်းများနှင့် အချောထည်များကို တန်ဖိုးသတ်မှတ်ခြင်း၊ ရတနာခွန်ကောက်ခံခြင်း  လုပ်ငန်းများ  ဆောင်ရွက်လျှက်ရှိပါသည်။   တန်ဖိုးဖြတ်အဖွဲ့များသည်   ကျောက်မျက်

ရတနာတူးဖော်ထုတ်လုပ်သည့် ကုမ္ပဏီ/အသင်း/ပုဂ္ဂလိကများ လုပ်ငန်းဆောင်ရွက်ရာ၌ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်တတ်စေရန် ရတနာခွန်(တွင်းဝခွန်)ပေးဆောင်စေရန် အမြဲစစ်ဆေးကြပ်မတ် နေရမည့်အပြင် တန်ဖိုးဖြတ်လုပ်ငန်းများဆောင်ရွက်ရာ၌မိမိတို့၏ လုပ်ငန်းအတွေ့အကြုံ၊ ပညာရပ်ဆိုင်ရာအတွေ့ အကြုံတို့ဖြင့် လက်ရှိစျေးကွက်တွင် ဖြစ်ပေါ်နေသော စျေးနှုန်းကို သေချာစွာလေ့လာသုံးသပ်ပြီး ကာလပေါက်စျေး နှင့်အနီးစပ်ဆုံးတန်ဖိုးရရှိစေရန် တန်ဖိုးဖြတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရမည်။ သို့ပါ၍ မြန်မာ့ကျောက်မျက် ရတနာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းခံရသော တန်ဖိုးဖြတ်အဖွဲ့ဝင်များသည် နိုင်ငံတော် မှ ရသင့်ရထိုက်သော အခွန်အခများ ကောက်ခံရရှိနိုင်ရေးအတွက် တန်ဖိုးဖြတ်အဖွဲ့၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာဆောင်ရွက်နိုင်သူများဖြစ်ရန်၊ ကျောက်မျက်ရတနာတန်ဖိုးဖြတ်ခြင်းလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု များရှိရန်၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများမှန်ကန်စွာကျင့်သုံးတတ်ရမည်ဖြစ်ပါသည်။