(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ ဆက်လက်ကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၃

၂၀၂၆ ခုနှစ် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပလျက်ရှိရာ ပြည်တွင်းပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်းပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ယနေ့နံနက်ပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီနာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမအတွင်း ကျောက်ခင်းကွင်းနယ်မြေအလိုက် ကျောက်စိမ်းအတွဲများ ခင်းကျင်းပြသထားရှိမှု၊ ပြည်တွင်းပြည်ပရတနာကုန်သည်များက ကျောက်စိမ်းအတွဲများအတွက် ဈေးနှုန်းပေးသွင်းလွှာများအား တင်ဒါပုံးများအတွင်း ထည့်သွင်းနေမှုနှင့် တင်ဒါအောင်မြင်သည့် ကျောက်စိမ်းအတွဲများ ထုတ်ပြန်ကြေညာနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ယနေ့ပြပွဲတွင် အုပ်စု (အေ) နှင့် (ဘီ) မှ ကျောက်စိမ်းအတွဲများအနက် ကျောက်စိမ်းအတွဲ အမှတ် (၁) မှ (၅၅၀) အထိ အတွဲပေါင်း ၅၅၀ ကို ပြည်တွင်းပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၄၇၄ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာသည်။

ပြပွဲသတ္တမနေ့တွင် ရောင်းချမည့် အုပ်စု (အေ) နှင့် (ဘီ) မှ ကျောက်စိမ်းအတွဲအမှတ် (၅၅၁) မှ (၁၁၀၀) အထိကို ပြည်တွင်းပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ ထိုသို့ တင်သွင်းထားသည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ညနေ ၅ နာရီတွင်ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ အောက်တိုဘာ ၁၄ ရက်တွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား ကြေညာသွားမည်ဖြစ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို အောင်မြင်အောင်ကျင်းပ၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် အကျိုးစီးပွားဖြစ်ထွန်းစေရန် ကြိုးစားဆောင်ရွက်လျက်ရှိသကဲ့သို့ အဖိုးတန်ကျောက်မျက်သယံဇာတများကို ရေရှည်တည်တံ့စေရန်နှင့် မြန်မာ့မြေအလှတရားကို ထာဝရရှင်သန်စေရန်အတွက် သယံဇာတစီမံခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျအကောင်အထည်ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်