ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရတို့အကြား ယူနန်ပြည်နယ်၊ တဲဟုန်ပြည်နယ်ခွဲ၊ ရွှေလီမြို့၊ ကျယ်ဂေါင်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပပြုလုပ်ရန်အတွက် ပူးတွဲစီစဉ်နိုင်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် အစိုးရတို့အကြား ယူနန်ပြည်နယ်၊ တဲဟုန် ပြည်နယ်ခွဲ၊ ရွှေလီမြို့၊ ကျယ်ဂေါင်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပ ပြုလုပ်ရန်အတွက်ပူးတွဲစီစဉ်နိုင်ရေး နားလည်မှုစာချွန်လွှာ (MoU)လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Haigeng Garden အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော ဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (ကူမင်း)မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ပါတီ အထွေထွေအတွင်းရေးမှူး Mr. Wang Ning နှင့် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Wang Yubo ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း မပြုမီ နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍ ပိုမိုတိုးတက်စေရန်၊ ကျောက်မျက်ရတနာကုန်သွယ်မှုတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန်၊ ယဉ်ကျေးမှု ဖလှယ်ရန်နှင့် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများ တရားမဝင်သယ်ဆောင်မှုကို တားဆီးရန် နားလည်မှု စာချွန်လွှာ (MoU)ပါအတိုင်း ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း၊ သစ်တောကဏ္ဍနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ များတွင်လည်း ပူးပေါင်းဆောင်ရွက်ခြင်းများ ရှိနေသကဲ့သို့ ဆက်လက်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပပြုလုပ်ရန် အတွက် ပူးတွဲစီစဉ်နိုင်ရေး နားလည်မှု စာချွန်လွှာအား အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့သူ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် နားလည်မှုစာချွန်လွှာ (MoU)ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ဒုတိယအုပ်ချုပ် ရေးမှူးတို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။