၂၀၂၅ ခုနှစ်၊ (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့စတင်ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၇

၂၀၂၅ ခုနှစ်၊ (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်တွင်း ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း အချောထည်အတွဲများ၊ ကျောက်မျက်လက်ဝတ် ရတနာအတွဲများ၊ ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများနှင့် ကျောက်မျက်ရိုင်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ယခု ပြပွဲကို နိုဝင်ဘာ ၁၇ ရက်မှ ၂၆ ရက်အထိ ကျင်းပသွား မည်ဖြစ်ပြီး ကျောက်စိမ်းအတွဲ စုစုပေါင်း ၅၀၈၅ တွဲ၊ ကျောက်မျက် ရိုင်းအတွဲ ၁၃ တွဲနှင့် ကျောက်မျက် လက်ဝတ်ရတနာအတွဲ ၁၄၇ တွဲ စုစုပေါင်းအတွဲ ၁၆၀ နှင့် ပုလဲအတွဲ ၄၈၉ တွဲကို ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ပြပွဲတွင် အသုံးပြုမည့် နိုင်ငံခြားငွေအမျိုးအစားများမှာ အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေ အမျိုးအစားတို့ဖြစ်သည်။

ပုလဲအတွဲများကို နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ လည်းကောင်း၊ ကျောက်မျက်အတွဲများ အားလုံးကို နိုဝင်ဘာ ၂၀ ရက်တွင် လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ပြီး ငွေအမျိုးအစားသတ် မှတ်မှုအနေဖြင့် ကြမ်းခင်းဈေးအား အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားပြီး ငွေပေးချေမှုအတွက် ပြည်ပရတနာကုန်သည်များအနေဖြင့် နိုင်ငံခြားငွေ၊ ပြည်တွင်းရတနာ ကုန်သည်များအနေဖြင့် နိုင်ငံခြားငွေ (သို့မဟုတ်) မြန်မာကျပ်ငွေကို အသုံးပြုနိုင်မည်ဖြစ်သည်။

ကျောက်ရည်၊ ကျောက်သွေးကောင်းမွန်မှု၊ လက်ဝတ်အချော ထည်ထုတ်လုပ်နိုင်မှု၊ ပြည်တွင်း၊ ပြည်ပဈေးကွက်ဝင်မှုနှင့် တန်ဖိုးဈေးနှုန်းရရှိနိုင်မှု စသည့်အခြေ အနေများအပေါ် အခြေခံပြီး အုပ်စု(အေ၊ ဘီ၊ စီ)အဖြစ် သုံးအုပ်စု ခွဲခြားထားသည့် ကျောက်စိမ်း အတွဲပေါင်း ၅၀၈၅ တွဲကို နိုဝင်ဘာ ၂၁ ရက်မှ ၂၆ ရက်အထိ ရောင်းချ ပေးသွားမည်ဖြစ်ပြီး ပြည်တွင်း ပြည်ပရတနာကုန်သည်အားလုံး အနေဖြင့် အုပ်စုသုံးခုစလုံးကို ဝယ်ယူခွင့်ရရှိနိုင်မည်ဖြစ်သည်။

အဆိုပါ အတွဲများအတွက် ငွေအမျိုးအစား သတ်မှတ်မှုအနေဖြင့် အုပ်စု(အေ)နှင့် အုပ်စု(ဘီ) တို့အတွက် အမေရိကန်ဒေါ်လာဖြင့်လည်းကောင်း၊ အုပ်စု(စီ)အတွက် MSME လုပ်ငန်းရှင်များ ကို အားပေးမြှင့်တင်ရန် ရည်ရွယ်ရောင်းချခြင်း ဖြစ်ခြင်းကြောင့် မြန်မာကျပ်ငွေဖြင့်လည်းကောင်း သတ်မှတ်ထားပြီး ငွေပေးချေမှု ပြုလုပ်ရာတွင် ပြည်ပရတနာ ကုန်သည်များအနေဖြင့် နိုင်ငံခြားငွေကိုသာ သုံးစွဲရမည်ဖြစ်ပြီး ပြည်တွင်း ရတနာကုန်သည်များ အနေဖြင့် အုပ်စု(အေ)အတွက် နိုင်ငံခြားငွေဖြင့် ပေးချေရမည် ဖြစ်ကာ အုပ်စု(ဘီ)အတွက် နိုင်ငံခြားငွေ သို့မဟုတ် မြန်မာကျပ်ငွေ၊အုပ်စု(စီ)အတွက် မြန်မာကျပ်ငွေကို သုံးစွဲနိုင်မည်ဖြစ်သည်။

ထို့ပြင် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။

ယခုကဲ့သို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ရတနာများရောင်းချနိုင်ခြင်းသည် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ အမြောက်အမြား ရှာဖွေပေးနိုင်သကဲ့သို့ နိုင်ငံသားများအတွက်လည်း စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရနိုင်စေခဲ့ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက် စေရေးအတွက်လည်း အထောက် အကူပြုလျက်ရှိကြောင်း၊ ထို့ကြောင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် စီးပွားအကျိုးဖြစ်ထွန်း စေမည့် ကျောက်မျက်ရတနာ ပြပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြန်လည်အစားထိုးမရနိုင်သည့် သယံဇာတများ ဖြစ်သည့် ကျောက်မျက်ရတနာများနှင့် မြန်မာ့မြေအလှတရားကို ရှင်သန်တည်တံ့စေရန်အတွက် သယံဇာတစီမံခန့်ခွဲမှု လုပ်ငန်းများကိုလည်း စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။