၂၀၂၅ ခုနှစ်၊ (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခြင်းနှင့် ညစာစားပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၄

၂၀၂၅ ခုနှစ်၊ (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခြင်းနှင့် ညစာစားပွဲအခမ်းအနားကို ၂၄-၁၂-၂၀၂၅ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ(ကိုယ်စား) မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ ဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ ဂုဏ်ပြု အမှာစကား ပြောကြားသည်။

ဒုတိယဝန်ကြီးက ၂၀၂၅ ခုနှစ်၊  (၆၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၆ ရက်နေ့အထိ မဏိရတနာကျောက်စိမ်းခန်းမတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအနေဖြင့် ပြပွဲအကြိုကာလ၊ ပြပွဲကျင်းပစဉ်ကာလနှင့် ပြပွဲကျင်းပပြီး ကာလများအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို စီမံချက်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုပြပွဲတွင် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် MSME များကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ ကျောက်စိမ်းအတွဲများကိုလည်း သတ်မှတ်ရောင်းချခဲ့ပါကြောင်း၊ (၆၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ဖြစ်သည့် နိုင်ငံတော်၏ နိုင်ငံခြားဝင်ငွေလည်း တိုးတက် ရရှိခဲ့ပါကြောင်း၊ ပြပွဲတွင် တက်ကြွစွာ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းများနှင့် တာဝန်ရှိသူများကို အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါကြောင်းနှင့် နောင်ကျင်းပပြုလုပ်မည့် ပြပွဲများတွင် ပိုမိုအောင်မြင်အောင် ကြိုးစားပေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများနှင့် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများအတွက် ဂုဏ်ပြုဆုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ရာ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးမင်းထွဋ်ဟန် နှင့် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးမျိုးလွင်မှ ဝန်ထမ်းများ ကိုယ်စား လက်ခံရယူပြီးနောက် အထွေထွေမန်နေဂျာ ဦးမင်းထွဋ်ဟန် က ဂုဏ်ပြုဆုချီးမြှင့်ခံရသူများ ကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ ဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ၂၀၂၅ ခုနှစ်၊ (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။