ဖားကန့်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝှေခါ လုပ်ကွက်ဧရိယာအတွင်း မြေလွှာပြတ်လျောကျမှုဖြစ်စဉ် ဖြစ်ပွားခဲ့မှုနှင့်စပ်လျဉ်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အခြေအနေ ထုတ်ပြန်ခြင်း

ဖားကန့်ဒေသတွင် ၁၆.၆.၂၀၂၀ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၂.၇.၂၀၂၀ ရက်နေ့ (၀၈:၀၀)နာရီတွင် လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ၊ ဝှေခါလုပ်ကွက်၏ အနောက်ဘက် (၃၀၀) ပေခန့် အကွာ မောက်တောင်နေရာမှ အလျား (၂၀၀) ပေ၊ အနံ (၁၀၀) ပေ၊ အမြင့် (၄၀၀)ပေခန့်ရှိ မြေလွှာပြတ် လျောကျမှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။
အဆိုပါ ပြတ်လျောကျသွားသောမြေလွှာသည် အရှေ့ဘက်(၄၀၀)ပေခန့် အကွာတွင်ရှိသော တူးဖော် ပြီး ကျင်းဟောင်း ရေကန်အတွင်းသို့ ကျရောက်ခဲ့ပါသည်။
မြေလွှာထုပြတ်လျောကျရောက်သည့် အရှိန်ကြောင့် ရေကန်အတွင်းရှိ ရေမျက်နှာပြင် မြင့်တက်ခဲ့ပြီး အဆိုပါရေလှိုင်းသည် ပတ်ဝန်းကျင်ဧရိယာကမ်းစပ်ထိ ပျံ့နှံ့ခဲ့ခြင်းကြောင့် မိုးရာသီကာလအတွင်း တူးဖော်မှု လုပ်ငန်းများ ယာယီရပ်နားရန် ညွှန်ကြားထားသည့် သက်တမ်းရှိဝှေခါလုပ်ကွက်များနှင့် သက်တမ်းကုန် လစ်လပ်လုပ်ကွက်များအတွင်း ကျူးကျော်၍ တရားမဝင်ကျောက်စိမ်းရိုင်း ရှာဖွေနေကြသူများသည် ရေနစ် မြှုပ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။
ဖြစ်စဉ်ဖြစ်ပွားသည့်နေရာသို့ ရတတမခ (၃၃)နှင့် ရကဖ (၉)တို့မှ တပ်ဖွဲ့ဝင်များ၊ လုံးခင်း၊ ဖားကန့် တူးဖော်ရေးဌာန၊ သက်ဆိုင်ရာအစိုးရဌာနများနှင့် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ဖားကန့်) တို့မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက သွားရောက်၍ စစ်ဆေးမှုလုပ်ငန်းများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
ထို့ပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဉီးဒါရှီလဆိုင်းသည် ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ၂.၇.၂၀၂၀ ရက်နေ့ (၁၆:၃၀) နာရီတွင် ရောက်ရှိခဲ့ ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် သေဆုံးသူများကိုသင်္ဂြိုလ်ရန် စီစဉ်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဝန်ကြီးနှင့်အဖွဲ့သည် ဝှေခါမှော်ရှိမြေနိမ့်ပိုင်းတွင် တည်ရှိသော မှော်သစ်ကုန်းကျေးရွာရပ်ကွက် (၂) နှင့် ဖြစ်စဉ်ဖြစ်ပွားရာနေရာ၏ ဆက်စပ်လျက်ရှိသော လခူးချောင်ရပ်ကွက်၊ ခကျန်ကျေးရွာတို့သို့ သွား ရောက်စစ်ဆေးခဲ့ပြီး အန္တရာယ်ရှိသောနေအိမ်များကို ပြောင်းရွှေ့နိုင်ရန်နှင့် အန္တရာယ်ရှိသော နေရာများသို့ မသက်ဆိုင်သူများ ဝင်ရောက်မှုမရှိစေရေး တားမြစ်သွားရန် မြို့နယ်၊ ကျေးရွာအထွေထွေအုပ်ချုပ်ရေး အဖွဲ့များကိုလမ်းညွှန်ခဲ့ပါသည်။
ကူညီကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ ပြီး ၃.၇.၂၀၂၀ ရက်နေ့ (၁၁:၀၀)နာရီထိ ရှာဖွေဆယ်ယူခဲ့ရသည့် သေဆုံးသူ (၁၆၅)ဦး၏ ရုပ်အလောင်းများ ကို ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ရန်နှင့် ဒဏ်ရာရရှိသူ (၅၄)ဦးကို ဆေးကုသမှုများ ခံယူနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။