ဖွင့်လှစ်ခဲ့မှုသမိုင်း

မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်)

၁။      မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မြို့တော်ဖြစ်သော နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းအဝိုင်းအနီး ရာဇသင်္ဂဟလမ်း ပေါ်တွင် တည်ရှိ၍ မြေဧရိယာအကျယ်အဝန်းမှာ (၁၀.၄၆၅) ဧက ရှိပါသည်။ မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) အဆောက်အဦမှာ အလျား (၂၅၀)ပေ၊ အနံ (၁၇၀)ပေ ရှိပြီး ဧရိယာအားဖြင့် (၄၂၅၀၀) စတုရန်းပေ ကျယ်ဝန်းပါသည်။ မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်) အဆောက်အဦကို (၆.၃.၂၀၀၈) ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး (၁၂.၂.၂၀၀၉)ရက်  ပြည်ထောင်စုနေ့တွင် ဖွင့်လှစ်ခဲ့ ပါသည်။

၂။       မြန်မာ့ကျောက်မျက်ရတနာပြတိုက် ခန်းမဆောင်တွင် ပြည်တွင်း၊ ပြည်ပဧည့်သည်များနှင့် ဘူမိဗေဒ ပညာရပ်ဆိုင်ရာ လေ့လာလိုသူများ လာရောက်ကြည့်ရှုလေ့လာနိုင်ရေး ကျောက်စိမ်း၊ ကျောက်မျက်၊ ရတနာ ပစ္စည်းများ/ အရိုင်းတုံးများ၊ ပုလဲနှင့် သယံဇာတပစ္စည်းများကို ခင်းကျင်းပြသထားပါသည်။ အကြီးဆုံး သဘာဝပုလဲ၊ အကြီးဆုံး မွေးပုလဲ၊ ကမ္ဘာ့အကြီးဆုံး နီလာဂေါ်ကြိုးရိုင်း၊ အကြီးဆုံးပတ္တမြားရိုင်းနှင့် အရည်အကောင်းဆုံး ခန္တီးဒေသထွက်ရှိ ကျောက်စိမ်းရိုင်းများနှင့် ကျောက်မျက်၊ ကျောက်စိမ်း အရိုင်းတုံးများ၊ သွေးပြီးကျောက်မျက်များ၊ လက်ဝတ်ရတနာပစ္စည်းများ၊ ကျောက်စိမ်းရုပ်တု/ရုပ်ထွင်းများကို ခင်းကျင်းပြသ ထားပါသည်။

၃။      ပြတိုက်အတွင်း၌ မြန်မာ့မြေမှ ထွက်ရှိသော ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲနှင့် သယံဇာတများကို ပြကွက်အလိုက် ကောင်တာများဖြင့် ခင်းကျင်းပြသထားပြီး နံရံကပ် ပန်းချီကားချပ်ကြီးများအဖြစ် နေပြည်တော်တွင် ပထမဆုံး စတင်ကျင်းပခဲ့သည့်  ၂၀၁၀ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ ပြပွဲကာလကျင်းပနေသည့် ပုံစံတူ အလျား (၁၈) ပေ၊  အနံ (၁၆) ပေ အကျယ်ရှိ ကျောက်စီပန်းချီကားနှင့် မင်းတုန်းမင်းလက်ထက်၊ မိုးကုတ်ရတနာနယ်မြေတွင် ရတနာတူးဖော်ရေး ညှိနှိုင်းဆွေးနွေးရန် ပြင်သစ် ကိုယ်စားလှယ်အား ယောအတွင်းဝန် ဦးဖိုးလှိုင်က နန်းစဉ်ပတ္တမြားငမောက်ကို  ပြသတန်ဖိုးဖြတ်စေခဲ့သည့်  အလျား (၁၈)ပေ၊  အနံ (၁၆)ပေ အကျယ်ရှိ ကျောက်စီ ပန်းချီကားတို့ကို ပြသထားရှိပါသည်။ အလားတူ ပြတိုက်ခန်းမဆောင်တွင်းရှိ ထောက်တိုင်များ၊ ပြတိုက်ခန်းမဆောင်ရှေ့ ဧည့်ခန်းဆောင်ရှိ နံရံများနှင့် ပြတိုက် အဝင်/အထွက် တံခါးရွက်များအားလုံးကို ကျောက်စိမ်းပြားများဖြင့် အလှဆင်ထားပါသည်။

၄။                     ပြတိုက်ခန်းမဆောင်ရှေ့ရှိ ဧည့်ခန်းမဆောင်တွင် အလျား (၁၂)ပေ၊ အနံ (၆)ပေရှိ ရွှေတိဂုံစေတီတော်ပုံ ကျောက်စီပန်းချီကား၊ အလျား (၈)ပေ၊ အနံ (၄)ပေရှိ မိုးကုတ်ရတနာမြေ ကျောက်စီပန်းချီကားနှင့် ဖားကန့်ရတနာမြေ ကျောက်စီပန်းချီကားတို့ကို ပြသထားပါသည်။

ထို့အပြင် ကျောက်စိမ်းစားပွဲကြီးပေါ်တွင် ကျောက်စိမ်းပြားအဖုံးဖြင့် ပြုလုပ်ထားသော ဧည့်သည်တော်ကြီးများ လက်မှတ်ရေးထိုးသည့် မှတ်တမ်း စာအုပ်နှင့် ရွှေ၊ ပတ္တမြား၊ နီလာတို့ဖြင့် အလှဆင်ထားသည့် ကျောက်စိမ်းဘောပင်၊ ကျောက်စိမ်းဖြင့် ပြုလုပ် ထားသောနာရီ၊ ကလောင်တံစိုက်ခုံ၊ ကျောက်စိမ်းပန်းအိုး တို့ကိုလည်းကောင်း၊ ကျောက်စိမ်းပြားကပ် ဆက်တီတစ်စုံ၊ ပုတီးစေ့ပုံ ကျောက်စိမ်းအခင်း တို့ဖြင့် တန်ဆာဆင်ထားသော ကျောက်စိမ်းအိပ်ရာခင်းနှင့် ကျောက်စိမ်းခေါင်းအုံးစွပ် တို့ကိုလည်းကောင်း ပြသထားပါသည်။

၅။      ပြတိုက်အဆောက်အဦ၏ ပထမထပ်တွင် ပြတိုက်သို့ လေ့လာကြည့်ရှုရင်း ကျောက်မျက်ရတနာများ နှင့် အမှတ်တရပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် နိုင်ငံသားများပိုင် ရတနာဆိုင်များကို ဖွင့်လှစ်ထားရှိ ပါသည်။ ရတနာဆိုင်များတွင် စစ်မှန်သော ရတနာပစ္စည်းများကိုသာ ဈေးနှုန်းမှန်ကန်စွာ ရောင်းချ ပေးလျက်ရှိပါသည်။ ပထမထပ်မှ ပြတိုက်ခန်းမဆောင်သို့ သွားရာ လှေကားတစ်ဖက်တစ်ချက်တွင် အမြင့် (၁၅)ပေရှိ ရေတံခွန် (၂)ခုကို ကျောက်စိမ်းရိုင်းများ၊ အလှဆင်ကျောက်များဖြစ်သည့် အင်ကြင်းကျောက်၊ သင်ပုန်းကျောက်၊ မြစ်ဆုံကျောက်နှင့် မိုးကုတ်ရောင်စုံကျောက်များဖြင့် လှပစွာ ပြုလုပ်ပြသထားပါသည်။

၆။      ပြတိုက်အဆောက်အဦ အဝင်ဝ ဆင်ဝင်ရှေ့တည့်တည့်တွင် ဆင်ဖြူတော်နှစ်စီးက မြန်မာပြည်မြေပုံ အား ပင့်ချီထားသည့် ဆင်ရတနာရေပန်းအဝိုင်း ဆောက်လုပ်ပြသထားပြီး ပြတိုက်ဝင်းအတွင်း မြေယာရှုခင်း အလှများ၊ အလှဆင်မီးများအပြင် မြန်မာ့မြေထွက် ကျောက်စိမ်းအရိုင်းတုံးများ၊ အင်ကြင်းကျောက်ရိုင်းများ၊ အရောင်တင်ပြီး အင်ကြင်းကျောက်များနှင့် အခြားသယံဇာတ တွင်းထွက်များကို ခင်းကျင်းပြသထားပါသည်။

၇။      မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)ကို တနင်္လာနေ့နှင့် နေ့ထူးနေ့မြတ် ရုံးပိတ်ရက် များမှအပ ကျန်ရက်များအားလုံးတွင် နံနက် (၀၉၃၀) နာရီချိန်မှ ညနေ (၁၆၀၀) နာရီချိန်ထိ ပြည်တွင်း/ ပြည်ပ ဧည့်သည်များ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပေးလျက်ရှိပါသည်။ ပြတိုက်သတ်မှတ်ဝင်ကြေး အနေဖြင့် နိုင်ငံခြားသား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၅) ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ်ငွေ (နေ့စဉ်ငွေလဲလှယ်နှုန်းထားအတိုင်း)၊ မြန်မာနိုင်ငံသား လူကြီးတစ်ဦးလျှင် (၁၀၀၀)ကျပ် နှင့် ကလေးတစ်ဦး လျှင် (၅၀၀)ကျပ် သတ်မှတ်ထားရှိပါသည်။

Loading