ဖွင့်လှစ်ခဲ့မှုသမိုင်း

မြန်မာ့ကျောက်မျက်ရတနာပြတိုက်(ရန်ကုန်) ဖွင့်လှစ်ခဲ့မှုသမိုင်း

  • မြန်မာ့ကျောက်မျက်ရတနာပြတိုက်(ရန်ကုန်)သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ စီးပွားရေးမြို့တော် ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်တွင်တည်ရှိ၍ မြေဧရိယာအကျယ် အနေဖြင့် အရှေ့ဘက်တွင်(၂၉၂)ပေ၊ တောင်ဘက်တွင်(၃၇၃)ပေ၊ အနောက်ဘက်တွင် (၂၈၉)ပေနှင့် မြောက်ဘက်တွင် (၅၀၉)ပေ ရှိပါသည်။ပြတိုက်အဆောက်အဦ ဧရိယာမှာ (၄၃၅၀၀)စတုရန်းပေရှိပါသည်။ မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်(ရန်ကုန်)ကို (၁၁.၁၁.၁၉၉၃)ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး(၂၄.၆.၁၉၉၅)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။

  • မြန်မာ့ကျောက်မျက်ရတနာပြတိုက်(ရန်ကုန်)တွင် အထပ်ပေါင်း(၄)ထပ်ရှိရာ အပေါ်ဆုံးထပ်သည် ပြတိုက် ခန်းမဆောင်ဖြစ်ပြီး ကျန်အထပ်(၃)ထပ်သည် ရတနာဈေးဖြစ်ပါသည်။ ပြခန်းဆောင်အတွင်း ခင်းကျင်းပြသထားရှိမှု ပုံစံမှာ ကျောက်မျက်ပြကွက်၊ ကျောက်စိမ်းပြကွက်၊ လက်ဝတ်ပြကွက်၊ ပုလဲပြကွက်နှင့် တွင်းထွက်သယံဇာတပြကွက် ဟူ၍ ပြကွက်(၅)မျိုးပြသထားပြီး မင်းတုန်းမင်းလက်ထက်၊ မိုးကုတ်ရတနာနယ်မြေတွင် ရတနာတူးဖော်ရေးညှိနှိုင်း ဆွေးနွေးရန် ပြင်သစ်ကိုယ်စားလှယ်အား ယောအတွင်းဝန် ဦးဖိုးလှိုင်က နန်းစဉ်ပတ္တမြားငမောက်ကို  တန်ဖိုးဖြတ်စေ ခဲ့သည့်ပန်းချီကားကို တင့်တယ်လှပစွာရေးဆွဲ  ပြသထားရှိပါသည်။

  • ပြတိုက်အဆောက်အဦ၏  ပထမထပ်၊ ဒုတိယထပ်နှင့် တတိယထပ်တို့တွင်  ပြတိုက်သို့လေ့လာကြည့်ရှုရင်း ကျောက်မျက်ရတနာများနှင့် အမှတ်တရပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် နိုင်ငံသားများပိုင်ရတနာဆိုင်များကို ဖွင့်လှစ်ထားရှိပါသည်။ ရတနာဆိုင်များတွင် ဆေးဆိုး/တုပ ပစ္စည်းများ ရောင်းချခြင်းမပြုစေဘဲ စစ်မှန်သောရတနာ ပစ္စည်းများကိုသာ ဈေးနှုန်းမှန်ကန်စွာ ရောင်းချပေးလျက်ရှိပါသည်။ ပြတိုက်အဆောက်အဦ၏ ရှေ့ညာဘက်တွင် (၃၃)တန်အလေးချိန်ရှိ ကျောက်စိမ်းရိုင်းတုံးကြီးကို အဖိုးတန်ကျောက်စိမ်းထွက်ရှိရာ မြန်မာနိုင်ငံ၏အထိမ်းအမှတ် အဖြစ် ပြသထားပါသည်။

  • မြန်မာ့ကျောက်မျက်ရတနာပြတိုက်(ရန်ကုန်)ကို တနင်္လာနေ့နှင့် နေ့ထူးနေ့မြတ်ရုံးပိတ်ရက်များမှအပ ကျန်ရက် များအားလုံးတွင် နံနက်(၀၉:၃၀)နာရီချိန်မှ ညနေ(၁၆:၀၀)နာရီချိန်ထိ ပြည်တွင်း/ပြည်ပဧည့်သည်များ ဝင်ရောက် လေ့လာကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပေးလျက်ရှိပါသည်။ ပြတိုက်သတ်မှတ်ဝင်ကြေးအနေဖြင့် နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ(၅)ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ်ငွေ (နေ့စဉ်ငွေလဲလှယ်နှုန်းထားအတိုင်း)၊ မြန်မာနိုင်ငံသား လူကြီးတစ်ဦးလျှင်(၁၀၀၀)ကျပ်နှင့် ကလေးတစ်ဦးလျှင် (၅၀၀)ကျပ် သတ်မှတ်ထားရှိပါသည်။