(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ ဆက်လက်ကျင်းပ

(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို (၂၀-၃-၂၀၂၃) ရက်နေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

          နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာ များအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှု ကြသည်။

          ယနေ့ပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၁၂၀ တွဲကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၇၇ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာ သည်။

          ပြပွဲ ပဉ္စမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တွဲ အနက် ကျောက်စိမ်းအတွဲအမှတ် (၁)မှ (၇၅၀) အထိကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာ များကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

          ကျောက်စိမ်းအတွဲအမှတ် (၁)မှ (၇၅၀) အထိ တင်သွင်းထားသည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ မတ်လ ၂၁ ရက်နေ့ နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ကြေညာသွားမည်ဖြစ်ကြောင်း သိရ သည်။

          ပြပွဲတွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၂၉၅ တွဲကို မတ်လ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၂၉၀ ကို လည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ တွဲကို မတ်လ ၂၀ ရက်နေ့တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၇၇ တွဲကိုလည်းကောင်း ရောင်းချပေးနိုင်ခဲ့သည်။

          ထို့ပြင် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တွဲကို မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချပေးမည်ဖြစ်ကြောင်း သိရ သည်။

          ယခုကျင်းပသည့် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြား ဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် မတ်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပနေခြင်းဖြစ်သည်။