၂၀၂၃ ခုနှစ်၊ (၅၈)ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုငွေ ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပပြုလုပ်

၂၀၂၃ ခုနှစ်၊ (၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို (၅-၄-၂၀၂၃) ရက်နေ့ညနေပိုင်းတွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ်၊ (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ်လ (၁၇)ရက်နေ့မှ (၂၃)ရက်နေ့အထိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ ယခုပြပွဲသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အစိုးရလက်ထက် ပဉ္စမအကြိမ်မြောက် ကျင်းပ ပြုလုပ်ခဲ့သည့်ပွဲဖြစ်ပြီး ပုလဲအတွဲ(၂၉၀)တွဲ၊ ကျောက်မျက် အတွဲ (၇၇)တွဲနှင့် ကျောက်စိမ်းအတွဲ (၁၅၄၄) တွဲကို အောင်မြင်စွာရောင်းချနိုင်ခဲ့ကြောင်း၊ တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအနေဖြင့် ပြပွဲ အကြိုကာလ၊ ပြပွဲကျင်းပစဉ်ကာလနှင့် ပြပွဲကျင်းပပြီးကာလအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများကို စီမံချက်ပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင် ခဲ့ခြင်းဖြစ်ကြောင်း ပြပွဲတွင်ရောင်းချခဲ့သည့် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို ဝယ်ယူရရှိ ခဲ့သည့် နိုင်ငံသားရတနာကုန်သည်များအနေဖြင့် တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) ထုတ်လုပ် စေခြင်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် တာဝန်ရှိသူများက ကူညီပံ့ပိုးဆောင်ရွက်ပေးရန် တိုက်တွန်းလိုကြောင်း၊ ပြပွဲတွင်တက်ကြွစွာ တာဝန် ထမ်းဆောင်ခဲ့သော ဝန်ထမ်းများနှင့် တာဝန်ရှိသူများကို အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းတို့မှ ဝန်ထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ငွေများအား ပေးအပ်ချီးမြင့်ပြီး ဂုဏ်ပြုချီးမြှင့်ခံရသူများကိုယ်စား အရာထမ်း (၁)ဦးမှ ကျေးဇူးတင်စကားပြောကြား သည်။ ဆက်လက်၍  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက မြန်မာ့ရိုးရာ အကအလှ များဖြင့်ကပြဖျော်ဖြေပြီး ပြည်ထောင်စုဝန်ကြီးက အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်သည်။ ၎င်း‌နောက် ဝန်ထမ်းများအား  ဂုဏ်ပြုညစာစားပွဲဖြင့် တည့်ခင်းဧည့်ခံသည်။

အဆိုပါ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အရာထမ်း/အမှုထမ်းပေါင်း(၂၈၄)ဦး တက်ရောက်ခဲ့ကြ‌ကြောင်း သတင်းရရှိသည်။