၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲနေ့ ဆဋ္ဌမနေ့ ဆက်လက်ကျင်းပ ကျောက်စိမ်းအတွဲပေါင်း (၆၀၁)တွဲရောင်းချနိုင်ခဲ့

နေပြည်တော် အောက်တိုဘာ ၂၅

၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲဆဋ္ဌမနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်းဘက်နှင့် အပြင်ဘက်တို့တွင် သတ်မှတ်နေရာများအလိုက် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။

ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း (၄၀၄၅)တွဲကို နေ့ရက်အလိုက် အိတ်ဖွင့်တင်ဒါစနစ် ဖြင့် ရောင်းချခြင်းဖြစ်ပြီး ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲ (၇၅၀)တွဲကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း  (၆၀၁)တွဲ ရောင်းချရကြောင်း ကြေညာသည်။

ပြပွဲ သတ္တမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း (၇၅၃)တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံး အတွင်းသို့ ထည့်သွင်းကြသည်။

ကျောက်စိမ်းအတွဲပေါင်း (၇၅၃)တွဲ၏ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ အောက်တိုဘာ ၂၆ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား ကြေညာသွားမည် ဖြစ်ကြောင်းသိရသည်။

ပြပွဲတွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြ ရောင်းချသည့် ပုလဲအတွဲပေါင်း (၃၀၀)တွဲကို အောက်တိုဘာ ၂၁ ရက်မှ ၂၂ ရက်အထိ ရောင်းချ ပေးခဲ့ရာ ပုလဲအတွဲပေါင်း (၃၀၀)တွဲ ရောင်းချပေးနိုင်ခဲ့ပြီး ကျောက်မျက်အတွဲပေါင်း (၁၆၀)တွဲ အနက် (၇၃)တွဲကို ရောင်းချနိုင်ခဲ့ကာ ပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း(၇၅၀)တွဲ အနက် (၇၀၂)တွဲကို ရောင်းချနိုင်ခဲ့သည်။

ထို့ပြင် ကျန်ရှိနေသည့် ကျောက်စိမ်းတွဲများကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၂၈ ရက်အထိ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။