၂၀၂၄ ခုနှစ်၊ (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် မေ ၂၃

၂၀၂၄ ခုနှစ်၊ (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကို ၂၃-၅-၂၀၂၄ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မေလ ၃ ရက်နေ့မှ ၁၂ ရက်နေ့အထိ မဏိရတနာကျောက်စိမ်းခန်းမတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ပါကြောင်း၊ ယခု ပြပွဲသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် သတ္တမအကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့သည့် ပြပွဲဖြစ်ပြီး ပုလဲအတွဲ  ၃၇၉ တွဲ ၊ ကျောက်မျက်အတွဲ ၈၈ တွဲ၊ အုပ်စုအေ နှင့် ဘီ ကျောက်စိမ်းအတွဲ ၁,၅၃၉ တွဲ နှင့် အုပ်စုစီ မှ ကျောက်စိမ်းအတွဲ ၁,၇၁၂ တွဲ စုစုပေါင်း ကျောက်စိမ်းအတွဲ (၃၂၅၁)တွဲကို  အောင်မြင်စွာ ရောင်းချနိုင်ခဲ့ကြောင်း၊ တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအနေဖြင့် ပြပွဲအကြိုကာလ၊ ပြပွဲကျင်းပစဉ်ကာလနှင့် ပြပွဲကျင်းပပြီးကာလများအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများကို စီမံချက်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုပြပွဲတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ ကျောက်စိမ်း အတွဲများ ကိုလည်း သတ်မှတ်ရောင်းချခဲ့ပါကြောင်း၊ ပြပွဲတွင် တက်ကြွစွာ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းများနှင့် တာဝန်ရှိသူများကို အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါကြောင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းတို့မှ ဝန်ထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ပြီး ဂုဏ်ပြုချီးမြှင့်ခြင်းခံရသူများ ကိုယ်စား အရာထမ်း(၁)ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။