၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ ဆက်လက်ကျင်းပ အုပ်စု(အေနှင့်ဘီ)မှ ကျောက်စိမ်းအတွဲပေါင်း (၁၈၂၃)တွဲ ရောင်းချနိုင်ခဲ့

နေပြည်တော် နိုဝင်ဘာ ၂၄

၂၀၂၄ ခုနုစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ကို နေပြည်တော်ရှိ မဏိ ရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်းရတနာကုန်သည်များသည် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၁၇၀၁) မှ (၂၅၅၉) အထိ ကျောက်စိမ်းအတွဲ များကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း (၅၉၅) တွဲ ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာသည်။

ညနေပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲ ကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်း ပြသထားသည့် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများအား ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးနေမှုနှင့် ကျောက်စိမ်းအတွဲများအတွက် ဈေးနှုန်းတင်သွင်းလွှာများ ဖွင့်ဖောက်စစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။ 

ပြပွဲအဋ္ဌမနေ့တွင်  ရောင်းချမည့် အုပ်စု (စီ)မှ ကျောက်စိမ်းအတွဲအမှတ် (၂၅၆၀)မှ(၃၃၀၉) အထိကို ပြည်တွင်းရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ အဆိုပါ ဈေးနှုန်း တင်သွင်းလွှာ များကို  တာဝန်ရှိသူများက ညနေပိုင်းတွင် ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများစာရင်းကို  နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ကြေညာသွားမည်ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် အုပ်စု(အေ၊ ဘီ နှင့် စီ)တို့မှ ကျောက်စိမ်းအတွဲပေါင်း (၄၈၀၀) ကို နေ့ရက်အလိုက် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ အုပ်စု(အေနှင့်ဘီ) တို့မှ ကျောက်စိမ်းအတွဲပေါင်း(၂၅၅၉)အနက်မှ ကျောက်စိမ်းအတွဲပေါင်း(၁၈၂၃)တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ရောင်းချနိုင်ခဲ့သည်။

အလားတူ အုပ်စု(စီ)မှ ကျောက်စိမ်းတွဲများကို MSME လုပ်ငန်းရှင်များကို အားပေးမြှင့် တင်ရန် ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ကာ ပြည်တွင်း ရတနာကုန်သည်များသာဝယ်ယူခွင့်ရှိပြီး ကြမ်းခင်းဈေးကို ကျပ်ငွေဖြင့် သတ်မှတ်ထားကာ ငွေပေးချေရာတွင် ကျပ်ငွေဖြင့်သာ ပေးချေဝယ် ယူရမည်ဖြစ်သည်။ အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၄ ရက်မှ ၂၇ ရက်အထိ ပြည်တွင်းရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်