ဖားကန့်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝှေခါ လုပ်ကွက် ဧရိယာများအတွင်းကျူးကျော်၍ တရားမဝင် ကျောက်စိမ်းရိုင်း ရှာဖွေနေကြသူများသည် ရေလှိုင်းရိုက် ခတ်ခံရပြီး သေဆုံး၊ ဒဏ်ရာရမှု ဖြစ်စဉ်ဖြစ်ပွားခဲ့

ဖားကန့်ဒေသတွင် ၁၆.၆.၂၀၂၀ ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၂.၇.၂၀၂၀ ရက်နေ့ (၀၈:၀၀) နာရီတွင် လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ၊ ဝှေခါမှော်ရှိ ၂၀၁၈ ခုနှစ်ကတည်းက သက်တမ်းကုန်ဆုံးခဲ့သော နိုင်ငံပိုင်လစ်လပ်လုပ်ကွက်ဟောင်းမှ မြေကမ်းပါးယံသည် ရေကန်အတွင်းသို့ ပြိုကျခဲ့ပါသည်။
ထိုသို့ပြိုကျခဲ့မှုကြောင့် မိုးရာသီကာလအတွင်း တူးဖော်မှုလုပ်ငန်းများ ယာယီရပ်နားရန် ညွှန်ကြားထားသည့် ဝှေခါလုပ်ကွက် ဧရိယာများအတွင်း ကျူးကျော်၍ တရားမဝင်ကျောက်စိမ်းရိုင်း ရှာဖွေ နေကြသူများသည် ရေလှိုင်းရိုက်ခတ်ခံရပြီး သေဆုံး၊ ဒဏ်ရာရမှု ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဉ်ဖြစ်ပွားကြောင်း သတင်းရရှိသည်နှင့်တစ်ပြိုင်နက်တည်း လုံးခင်း၊ ဖားကန့်တူးဖော်ရေးဌာနနှင့် သက်ဆိုင်ရာအစိုးရဌာနများမှ တာဝန်ရှိသူများ၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ဖားကန့်) နှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ရတတမခ (၃၃)နှင့် ရကဖ (၉)တို့မှ တပ်ဖွဲ့ဝင်များက ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သွားရောက်၍ ကူညီ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယခုအချိန်ထိ ကူညီ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
၁၂:၀၀ နာရီအချိန်ထိ ရရှိသည့်သတင်းများအရ သေဆုံးသူ (၆၅)ဦးနှင့် ဒဏ်ရာရရှိသူ (၁၅) ဦးရှိကြောင်း သိရှိရပါသည်။