ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်  (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ချီးမြှင့် 

နေပြည်တော်၊ အောက်တိုဘာ – ၉

(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပ ကုန်သည်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ရတနာပစ္စည်းများ ထုတ်လုပ်မှုအဆင့်ဆင့်နှင့် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ အခမ်းအနား ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းအား ကြည့်ရှုကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနား တက်ရောက်လာကြသူများ သည် (၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော် သမ္မတက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့ဝင်များသည် ပုဂ္ဂလိကကျောက်မျက်ရတနာအချောထည် အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို လိုက်လံကြည့်ရှု အားပေးပြီး ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများကို လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်သမ္မတက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် တူးဖော် ထုတ်လုပ်ထားသည့် ကျောက် မျက် ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက်မျက် ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း၊ ယခုပြပွဲတွင် ပုလဲအတွဲများအတွက် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး ငွေပေးချေမှုကို ပြည်ပ ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ကျပ်ငွေဖြင့် လည်းကောင်း ပေးချေရမည် ဖြစ်ကြောင်း၊ ကျောက်မျက်၊ ကျောက်စိမ်းအတွဲများအတွက် ကြမ်းခင်းဈေးကို ယူရိုငွေ ဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာ ကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ကျပ်ငွေဖြင့် လည်းကောင်း ပေးချေသွားရမည် ဖြစ်ကြောင်း၊ ပုလဲအတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ ဖြစ်ပြီး ကျောက်မျက်အတွဲများ အတွက် အနိမ့်ဆုံးအခြေခံဈေးမှာ ယူရို ၅၀၀ ဖြစ်ကြောင်း၊ ကျောက်စိမ်း အချောထည် အတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့် ကျောက်စိမ်းအရိုင်း အတွဲများအတွက် အနိမ့်ဆုံး အခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၅၀၀၀ ဖြစ်ကြောင်း။

ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၇၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၃၀၇၃ တို့ကို ပြည်တွင်း ပြည်ပရတနာ ကုန်သည် များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ရောင်းချပေးသွားမည်ဖြစ်ပြီး မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပုဂ္ဂလိက ကျောက်မျက်ရတနာအချောထည် အရောင်းပြခန်းများလည်း ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်းနှင့် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၁၇ ရက်အထိ ခင်းကျင်းပြသရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။