(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော် အောက်တိုဘာ ၉

၂၀၂၆ ခုနှစ် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြပြီး ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေး၍ ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများက ပုလဲအတွဲအမှတ် (၁)မှ အတွဲအမှတ် (၂၄၀) အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း ၂၀၅ တွဲ ရောင်းချရကြောင်း ကြေညာသည်။

ပြပွဲတတိယနေ့တွင် ပုလဲအတွဲအမှတ် (၂၄၁) မှ အတွဲအမှတ် (၄၆၀) အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည်။

ယခုပြပွဲကို အောက်တိုဘာ ၈ ရက်မှ ၁၇ ရက်အထိ ကျင်းပလျက်ရှိရာ ပုလဲအတွဲ ၇၀၀ ကို အောက်တိုဘာ ၉ ရက်မှ ၁၁ ရက်အထိလည်းကောင်း၊ ကျောက်မျက်အတွဲ ၁၆၀ ကို အောက်တိုဘာ ၁၂ ရက်တွင်လည်းကောင်း၊ အုပ်စု (အေ၊ ဘီ၊ စီ) အဖြစ် သုံးအုပ်စုခွဲခြားထားသည့် ကျောက်စိမ်းအတွဲ ၃၀၇၃ တွဲကို အောက်တိုဘာ ၁၃ ရက်မှ ၁၇ ရက်အထိလည်းကောင်း ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

ကျောက်စိမ်းအတွဲ ၃၀၇၃ တွဲကို ကျောက်ရည်ကျောက်သွေး ကောင်းမွန်မှု၊ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ဝင်မှု စသည့်အခြေအနေများအရ (အေ၊ ဘီ) အုပ်စုနှင့် MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ (စီ) အုပ်စုအဖြစ် အုပ်စုသုံးစု ခွဲခြားထားခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ပရတနာကုန်သည်များ အနေဖြင့် (စီ) အုပ်စုဝင်ကျောက်စိမ်း ရိုင်းအတွဲများမှလွဲ၍ ကျန်ရတနာအတွဲများအားလုံးကို ဝယ်ယူနိုင်ပြီး ငွေပေးချေမှုအတွက် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေအမျိုးအစားတို့ကို အသုံးပြုရမည်ဖြစ်သည်။ ပြည်တွင်းရတနာကုန်သည်များအနေဖြင့်လည်း ပုလဲအတွဲ၊ ကျောက်မျက်အတွဲနှင့် အုပ်စု (ဘီနှင့်စီ) တို့မှ ကျောက်စိမ်းရိုင်းအတွဲများအတွက် မြန်မာကျပ်ငွေကို အသုံးပြုနိုင်ပြီး (အေ) အုပ်စုမှ ကျောက်စိမ်းရိုင်းအတွဲများအတွက် နိုင်ငံခြားငွေကို အသုံးပြုရမည်ဖြစ်သည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို အောင်မြင်စွာ ကျင်းပ၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် အကျိုးစီးပွားဖြစ်ထွန်းစေရန် ကြိုးစားဆောင်ရွက်လျက်ရှိသကဲ့သို့ အဖိုးတန်ကျောက်မျက် သယံဇာတများကို ရေရှည်တည်တံ့စေရန်နှင့် မြန်မာ့မြေအလှတရားကို ထာဝရရှင်သန်စေရန်အတွက် သယံဇာတစီမံခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်