၂၀၂၅ ခုနှစ် (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ဆက်လက်ကျင်းပ ပုလဲအတွဲပေါင်း ၂၁၉ တွဲ ရောင်းချရ

နေပြည်တော် နိုဝင်ဘာ ၁၉

 ၂၀၂၅ ခုနှစ်၊ (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

ယနေ့နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲ များနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်း အတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြပြီး ပြပွဲတွင် ရောင်းချမည့် ပုလဲအတွဲများကို ရတနာ ကုန်သည်များက ကြည့်ရှုစစ်ဆေး၍ ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများအတွင်းသို့  ထည့်သွင်းကြသည်၊၊

ထို့နောက် ပုလဲအတွဲအမှတ်(၂၄၇)မှ အတွဲအမှတ် (၄၈၉)အထိ တင်သွင်းထားသော ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း ၂၁၉ တွဲ ရောင်းချရကြောင်း ကြေညာသည်၊၊

ယနေ့ညနေပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲ ကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ ပုလဲအတွဲများ တင်ဒါဖွင့်ဖောက်စစ်ဆေးနေမှု၊ မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပြသထားသည့် ကျောက်မျက်အတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်နှင့်လက်ဝတ်ရတနာအရောင်းဆိုင်များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကို တာဝန်ရှိသူများအား မှာကြားသည်၊၊

ပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း ၁၆၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပါ ကျောက်မျက်အတွဲများအတွက် အခြေခံဈေးနှုန်းကို အမေရိကန် ဒေါ်လာဖြင့် သတ်မှတ်ထားကာ ဝယ်ယူခွင့်ရှိသည့် ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန် ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များအနေဖြင့် နိုင်ငံခြားငွေ သို့မဟုတ် ကျပ်ငွေဖြင့်လည်းကောင်း ပေးချေဝယ်ယူနိုင်မည်ဖြစ်သည်၊၊

အလားတူ အုပ်စု(အေ၊ ဘီ၊ စီ) သုံးအုပ်စုခွဲထားသည့် ကျောက်စိမ်းအတွဲပေါင်း  ၅၀၈၅ အနက် အုပ်စု(အေ)နှင့် အုပ်စု(ဘီ)မှ ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိလည်းကောင်း၊ အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ လည်းကောင်း အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးသွား မည်ဖြစ်သည်၊၊

ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ် ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက် ရှိသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်ရန်၊ နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုနိုင်ရန် မြန်မာ့ကျောက်မျက်ရတနာပြပွဲ များ ကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ၂၀၂၅ ခုနှစ်၊ (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာ ၁၇ ရက်မှ ၂၆ ရက်အထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပေးလျက်ရှိ ကြောင်းသိရသည်၊၊