နေပြည်တော် နိုဝင်ဘာ ၂၆
၂၀၂၅ ခုနှစ် (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
ယနေ့တွင် ပြပွဲနဝမနေ့၌ ဖွင့်ဖောက်စစ်ဆေးထားသည့် အုပ်စု(စီ)မှ ကျောက်စိမ်း အတွဲပေါင်း ၆၈၅တွဲ အနက် ကျောက်စိမ်းအတွဲပေါင်း ၆၆၁ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာသည်။
ယခုကျင်းပသည့် ၂၀၂၅ ခုနှစ် (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲအတွင်း ပုလဲအတွဲပေါင်း ၄၈၉ တွဲ အနက်မှ ပုလဲအတွဲပေါင်း ၄၄၃ တွဲ၊ ကျောက်မျက် အတွဲပေါင်း ၁၆၀ အနက်မှ ကျောက်မျက်အတွဲပေါင်း ၆၇ တွဲ၊ အုပ်စု(အေနှင့်ဘီ) တို့မှ ကျောက်စိမ်းအတွဲပေါင်း ၂၉၀၀ အနက်မှ ကျောက်စိမ်းအတွဲပေါင်း ၂၁၁၀ တွဲ၊ အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲပေါင်း ၂၁၈၅ အနက်မှ ကျောက်စိမ်းအတွဲပေါင်း ၂၀၇၃ တွဲကို နေ့ရက် အလိုက် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေး နိုင်ခဲ့သည်၊၊
၂၀၂၅ ခုနှစ် (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော် အတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်ရန်၊ နိုင်ငံသားများအတွက် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်၊ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရန်အတွက် အထောက်အကူပြုနိုင်ရန် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် နိုဝင်ဘာလ ၁၇ ရက်မှ ၂၆ ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်၊၊