မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီအစည်းအဝေးကျင်းပ

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီအစည်းအဝေးကို ၂၂.၁.၂၀၂၁ ရက်နေ့ (၁၄:၀၀) နာရီတွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြပွဲဗဟိုကော်မတီ နာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပြပွဲဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ပြပွဲဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပြပွဲအထောက်အကူပြု လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ပြပွဲဗဟိုကော်မတီအတွင်းရေးမှူး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူတို့ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက နိုင်ငံခြား ငွေဖြင့် ရောင်းချသည့် ရတနာပြပွဲများ၊ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲများကို နှစ်စဉ် ကျင်းပပြု လုပ်ပေးလျက်ရှိသကဲ့သို့ ဝန်ကြီးဌာနအနေဖြင့်လည်း မြန်မာနိုင်ငံအတွင်း ကျောက်မျက်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရေးတို့အတွက် ပုဂ္ဂလိက ကျောက်မျက်ရတနာပြပွဲများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ခွင့်ပြုချက်၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းတို့၏ ပူးပေါင်းပါဝင်ကူညီမှုဖြင့် ကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီအနေဖြင့် ရတနာပြပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ယခုကဲ့သို့ ပြပွဲဗဟိုကော်မတီအစည်းအဝေးများ ကျင်းပပြုလုပ်ပြီး အဆုံးအဖြတ်ရယူရန်နှင့် မှတ်တမ်းတင်အတည်ပြုရန်ကိစ္စရပ်များကို ပြပွဲဗဟိုကော်မတီသို့ တင်ပြဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ အစည်းအဝေးကို ၉.၁၂.၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းကာလနောက်ပိုင်း၌ COVID – 19 ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် ရတနာပြပွဲများ ကျင်းပပြုလုပ်နိုင်ခြင်း မရှိသကဲ့သို့ ပြပွဲဗဟိုကော်မတီအစည်းအဝေးများကိုလည်း ကျင်းပပြုလုပ်နိုင်ခြင်း မရှိခဲ့တာ အချိန်ကာလအား ဖြင့် တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ထို့အတွက် COVID – 19 ရောဂါကာကွယ်ထိန်းချုပ်နိုင်မှုနှင့် သတ်မှတ်ထားရှိသည့် ကန့်သတ်မှုများ ဖြေလျော့မှုအခြေအနေတို့အပေါ် မူတည်ပြီး မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ကျင်းပပြုလုပ်သွားရန် လျာထားစီစဉ် ဆောင်ရွက်ထားရှိရာ ရတနာပြပွဲဆိုင်ရာလုပ်ငန်းများကို မှတ်တမ်းတင် အတည်ပြုနိုင်ရေးနှင့် ဆုံးဖြတ်ချက်များရယူနိုင်ရေး ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် ယခု ပြပွဲဗဟိုကော်မတီအစည်းအဝေးကို Video Conferencing ဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ပြပွဲဗဟိုကော်မတီအစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် COVID – 19 ရောဂါကာကွယ်ထိန်းချုပ်နိုင်မှုနှင့် သတ်မှတ်ထားရှိသည့် ကန့်သတ်မှုများ ဖြေလျော့မှုအခြေအနေတို့အပေါ် မူတည်ပြီး မြန်မာ့ကျောက်မျက်ရတနာပြပွဲများ ကျင်းပပြုလုပ်နိုင်ရေး အကြံပြုဆွေးနွေးပေးကြရန် မှာကြားလိုပါကြောင်း၊ ထို့ပြင် ဖွဲ့စည်းပေးထားသည့် လုပ်ငန်းကော်မတီအသီးသီးကလည်း လုပ်ငန်းများ ဆောင်ရွက်ကြရာမှာ ယခင်ကျင်းပပြီး ပြပွဲများ၏ အားသာချက်၊ အားနည်းချက်များအပေါ် ပြန်လည်သုံးသပ်ပြီး COVID – 19 ရောဂါအလွန် ဆောင်ရွက်ရမည့် ပြပွဲဆိုင်ရာလုပ်ငန်းများကို ပိုမိုကောင်းမွန်သော နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်စေရေး ရှာဖွေဖော်ထုတ်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် တာဝန်ရှိသူများအနေဖြင့် ယခု ပြပွဲဗဟိုကော်မတီအစည်းအဝေးတွင် မှတ်တမ်းတင် အတည်ပြုရန်၊ ဆုံးဖြတ်ချက်ရယူရန် လိုအပ်သော ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရန်နှင့် တင်ပြချက်များအပေါ် အစည်းအဝေး တက်ရောက်လာကြသူများက ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးကြရန် ဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်
ထို့နောက် အစည်းအဝေးအစီအစဉ်အရ သက်ဆိုင်ရာ လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးတက်ရောက်လာကြသူများက သက်ဆိုင်ရာလုပ်ငန်းများအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။
လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက အသေးစိတ် ညှိနှိုင်းဖြည့်ဆည်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို (၁၆:၄၅) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။