၂၀၂၁ ခုနှစ်၊ ဧပြီလ ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည်

၂၀၂၁ ခုနှစ်၊ ဧပြီလ ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ပြပွဲတွင် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲများကို တင်ဒါစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ပါသည်။

အဆိုပါပြပွဲသို့ ခွင့်ပြုမိန့်ရကုမ္ပဏီများမှ ဒါရိုက်တာများ၊ ကျောက်မျက်လက်ဝတ်ရတနာ အချောထည် ထုတ်လုပ်/ ရောင်းချခြင်းလုပ်ငန်းလိုင်စင်ရရှိသူများနှင့် ၎င်းတို့က ကိုယ်စားလှယ် လွှဲအပ်သူ မည်သူမဆို တက်ရောက်ဝယ်ယူခွင့်ရှိပါသည်။

တက်ရောက်ဝယ်ယူခွင့်ကတ်ပြားများကို (၀၈:၀၀)နာရီမှ (၁၈:၀၀)နာရီအထိ(လိုအပ်ပါက အချိန် တိုးမြှင့်၍) ပြပွဲမတိုင်မီတွင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းနှင့် ပြပွဲချိန်တွင် မဏိ ရတနာကျောက်စိမ်းခန်းမ၌ ပြုလုပ်ပေးပါသည်။

တက်ရောက်ဝယ်ယူခွင့်ကတ်ပြုလုပ်ခြင်းအတွက် တစ်ဦးလျှင်(၂)သောင်းကျပ် ပေးသွင်းရမည် ဖြစ်ပါသည်။

အာမခံစပေါ်ငွေအဖြစ် ကျောက်စိမ်းအတွဲများအတွက် ကျပ်(၁၀)သိန်း၊ ကျောက်မျက်အတွဲများ အတွက် ကျပ်(၅)သိန်းကို မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)နှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းတို့တွင် ပေးသွင်းနိုင်ပြီး  ပေးသွင်းထားသည့် အာမခံစပေါ်ငွေ၏ (၂၀)ဆ ပမာဏ တန်ဖိုးရှိသော ကျောက်မျက်ရတနာအတွဲများ ဝယ်ယူခွင့်ရရှိမည် ဖြစ်ပါသည်။