ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(AML/CFT)ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(AML/CFT)ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ၂၇-၇-၂၀၂၃ ရက်နေ့ (၁၄:၀၀)နာရီတွင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း(ရုံးချုပ်) နေပြည်တော်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အသိပညာပေးဆွေးနွေးပွဲသို့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် ရတနာဆိုင်များမှ လုပ်ငန်းရှင်များ တက်ရောက်ကြပြီး တာဝန်ရှိသူများက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(AML/CFT)ဆိုင်ရာလုပ်ငန်းများကို ကျောက်မျက်ရတနာလုပ်ငန်းဆောင်ရွက်သူများက လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် လိုက်နာဆောင်ရွက်သင့်သည့်အခြေအနေ၊ ငွေကြေးခဝါချမှုနှင့် ငွေကြေးခဝါချမှုကြောင့် လုပ်ငန်းရှင်များ၏ အကျိုးစီးပွားနှင့် နိုင်ငံတော်အတွက် ထိခိုက်စေနိုင်သည့်အခြေအနေ၊ ကြီးကြပ်ရေးအာဏာပိုင်ဖြစ်သည့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းက AML/CFT ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ FATF နှင့် APG သို့ အစီရင်ခံစာများ ပေးပို့တင်ပြလျက်ရှိသည့်အခြေအနေများကို အသီးသီးရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

ကြီးကြပ်ရေးအာဏာပိုင်ဖြစ်သည့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် ရုံးချုပ်အပါအဝင် နယ်တူးဖော်ရေးဌာန/စခန်းရုံးများတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(AML/CFT)ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကို လစဉ် (၁)ကြိမ် ကျင်းပပြုလုပ်၍ ကျောက်မျက်ရတနာလုပ်ငန်းဆောင်ရွက်သူများအား အသိပညာများ ဖြန့်ဝေပေးလျက်ရှိပါသည်။