“(၃၅) ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ” ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်

(၃၅)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ၂၀-၂-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၊ ရေဆင်း၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရေဆင်းတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အငြိမ်းစား သစ်တောအရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကိုယ်စားလှယ် များ၊ သုတေသန စာတမ်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သုတေသနစာတမ်း ဖတ်ပွဲသည် (၃၅)ကြိမ်မြောက်ဖြစ်ပြီး သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသန တွေ့ရှိချက် များကို ဆက်စပ်ပတ်သက်သူများအကြား ဆွေးနွေးတင်ပြနိုင်ရန်နှင့် သုတေသနရလဒ်များကို လက်တွေ့ လုပ်ငန်းနယ်ပယ်များတွင် အသုံးချနိုင်ရန်၊ ပညာရပ်ဆိုင်ရာ အသိအမြင်များ အမြင်ချင်း ဖလှယ်ဆွေးနွေး နိုင်ရန်နှင့် ဆက်လက်ဆောင်ရွက်မည့် သုတေသနလုပ်ငန်းများအတွက် အကြံပြုချက်များ ရယူနိုင်ရန် ရည်ရွယ်ကြောင်း၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် Research and Development ကဏ္ဍသည် အရေးပါကြောင်း၊ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် သုတေသန ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထား မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး ကြုံတွေ့ လာသည့် ပြဿနာ၊ အခက်အခဲ၊ စိန်ခေါ်မှုများ ဖြေရှင်းနိုင်ရန်အတွက် အသုံးချသုတေသနသည် မရှိမဖြစ် လိုအပ်ကြောင်း၊

ယနေ့ရင်ဆိုင်နေရသည့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများအား ချဉ်းကပ်မှု ပုံစံသစ်များဖြင့် သုတေသနပြု ဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ သတ္တုကဏ္ဍတွင်လည်း သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အနည်းဆုံးဖြစ်စေမည့် Responsible Mining ဖြစ်စေရန် သုတေသနပြု ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သစ်တော၊သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနအကြံပေးကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး ကဏ္ဍ ၃ ရပ် ပူးပေါင်းသုတေသန လုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် အကျိုးရှိသည့် သုတေသနကောင်းများစွာ  ပေါ်ထွက်လာ နိုင်မည်ဖြစ်ကြောင်းနှင့် သုတေသီများအနေဖြင့် ဌာနနှင့်နိုင်ငံအတွက် လက်တွေ့အကျိုးရှိစေမည့် အသုံးချသုတေသန ရလဒ်များပေါ်ထွက်လာအောင် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ခင်းကျင်းပြသထားသည့် သုတေသန စာတမ်းပိုစတာများ အား လှည့်လည်ကြည့်ရှုရာ သက်ဆိုင်ရာစာတမ်းရှင်များက သုတေသန တွေ့ရှိချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ယခု စာတမ်းဖတ်ပွဲတွင် သစ်တောကဏ္ဍ၊ သတ္တုကဏ္ဍနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍဆိုင်ရာ စာတမ်းပေါင်း(၃၀)စောင်ကို ၂၀-၂-၂၀၂၄ ရက်နေ့မှ ၂၂-၂-၂၀၂၄ ရက်နေ့အထိ ၃ ရက်ကြာ ဖတ်ကြားသွားမည်ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းရှိ ဘွဲ့နှင်းသဘင် အဆောက်အဦ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် တက္ကသိုလ်ဓမ္မာရုံ ပြန်လည် ပြင်ဆင်ဆောင်ရွက်ထားမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံ၍ တက္ကသိုလ်မှ ပို့ချပေး သော စာတွေ့၊ လက်တွေ့သင်ခန်းစာများကို ကြိုးစားသင်ယူသွားရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး နိုင်ငံတော်က အားကိုးရသည့် လူငယ်များဖြစ်အောင် ကြိုးပမ်းသွားရန် မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ လိုက်ပါလာသော အငြိမ်းစား သစ်တောပညာရှင်များက ၎င်းတို့၏ တက္ကသိုလ်ဘဝနှင့် လုပ်ငန်းအတွေ့အကြုံများအား မျှဝေပြောကြားပြီး ကျောင်းသား/ကျောင်းသူများအား လူကောင်း၊ လူတော်များဖြစ်အောင် ကျင့်ကြံသွားရန် တိုက်တွန်းပြောကြားခဲ့သည်။