နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၄ ခုနှစ်၊ (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် မေ ၃

၂၀၂၄ ခုနှစ်၊ (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒေါ်ဒွဲဘူ၊ မန်းငြိမ်းမောင်နှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ပြည်တွင်း၊ ပြည်ပမှ ကျောက်မျက်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာ့ပုလဲများ ထုတ်လုပ်မှုနှင့်ရောင်းချနိုင်မှု၊ ကျောက်မျက်ရတနာပစ္စည်းများထုတ်လုပ်မှုနှင့် ၂၀၂၄ ခုနှစ်၊ (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အခမ်းအနားကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းအား ကြည့်ရှုကြသည်။

လိုအပ်သည်များမှာကြား

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ်၊ (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

လိုက်လံကြည့်ရှု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပုဂ္ဂလိကကျောက်မျက်ရတနာအချောထည် အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို လိုက်လံကြည့်ရှုအားပေးပြီး ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုး ဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် တူးဖော်ထုတ်လုပ်ထားသည့် ကျောက်မျက်ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ကျင်းပခဲ့ပြီး ယခုပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၅၅၀ တို့ကို ပြည်တွင်းပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျည်း စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်သည်။ ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (A) နှင့် (B) အုပ်စုမှ ကျောက်စိမ်းအတွဲများ ရောင်းချရာတွင် အခြေခံဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး (C) အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် အခြေခံဈေးကို မြန်မာကျပ်ငွေဖြင့် သတ်မှတ်ထား၍ ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (A) နှင့် (B) အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် အာမခံစပေါ်ငွေကို ပြည်ပရတနာ ကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့်ညီမျှသည့် ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် ပေးသွင်းနိုင်ပြီး ပြည်တွင်းရတနာ ကုန်သည်များက မြန်မာကျပ်ငွေဖြင့် ပေးသွင်းနိုင်ကာ ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသည့် (C) အုပ်စုမှကျောက်စိမ်း အတွဲများအတွက် အာမခံစပေါ်ငွေကို မြန်မာကျပ်ငွေဖြင့် ပေးသွင်းနိုင်မည်ဖြစ်သည်။

ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအနေဖြင့် ဝယ်ယူခွင့်ရရှိသည့် (A) အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် တန်ဖိုးငွေကို အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ၊ ထိုင်းဘတ်ငွေ၊ ယွမ်ငွေများဖြင့် ပေးချေရမည်ဖြစ်ပြီး ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (B) အုပ်စုမှ ကျောက်စိမ်းအတွဲများကို ဝယ်ယူခွင့်ရရှိသော ပြည်ပရတနာ ကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ၊ ထိုင်းဘတ်ငွေ၊ ယွမ်ငွေများဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်း တန်ဖိုးငွေကို ပေးချေရမည်ဖြစ်သည်။ (C) အုပ်စုမှ ကျောက်စိမ်းအတွဲများကို ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရမည်ဖြစ်ပြီး တန်ဖိုးငွေကို မြန်မာကျပ်ငွေဖြင့် ပေးချေရမည်ဖြစ်သည်။ ပြည်တွင်းပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျည်းစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ပြီး ယခုကျင်းပ ပြုလုပ်သည့် (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မေ ၃ ရက်မှ ၁၂ ရက်အထိ ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်