ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ (၂၇.၈.၂၀၂၀)တွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကျော်သီ ဟ မေးမြန်းသည့် “၂၀၁၉ ခုနှစ်၊ မြန်မာ့ကျောက်မျက် ရတနာဥပဒေကို ပြင်ဆင်ရေးဆွဲခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေ မထွက်ရှိသေးသည့်ကိစ္စနှင့်စပ်လျဉ်း၍ ရေးဆွဲ ဆောင်ရွက်နေမှုအခြေအနေနှင့် အချိန်မည်မျှကြာအောင် ဆက်လက်ရေးဆွဲမည်ကို သိရှိလိုခြင်း”နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်း

အဆိုပါ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ ၏ ဖြေကြားချက်-
၃၀.၁.၂၀၁၉ ရက်နေ့တွင် မြန့်မာကျောက်မျက်ရတနာဥပဒေကို (၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၄။)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေများ(မူကြမ်း) ကို ကျောက်မျက်ရတနာကဏ္ဍ၌ လက်တွေ့ဆောင်ရွက်ရသည့် လုပ်ငန်းများနှင့် ဆီလျော်မှုရှိစေရေး၊ ခွင့်ပြုမိန့်၊ လိုင်စင်လျှောက်ထားခြင်း၊ တူးဖော်ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွား ရေရှည်ဖွံ့ဖြိုးတိုးတက် စေရေးတို့အတွက် မြန်မာ့ကျောက်မျက်ရတနာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရေးဆွဲပြုစု ခဲ့ပါကြောင်း။
မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေများ(မူကြမ်း) ရေးဆွဲနိုင်ရေးအတွက် အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်များမှ ဒေသခံလွှတ်တော်ကိုယ်စား လှယ်များ၊ သံတမန်အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သည့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောက်မျက်ရတနာလုပ်ငန်းနှင့်ဆက်စပ်သည့် လုပ်ငန်း/ဌာနများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်အသင်းခွဲများမှ ကိုယ်စားလှယ်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အရာထမ်းများပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို ၁၇.၆.၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ပါကြောင်း။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှ ရရှိခဲ့သည့် ရလဒ်ကောက်နုတ်ချက်များအပေါ် အသေးစိတ်စိစစ် သုံးသပ်ပြီး မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေများ(မူကြမ်း)ကို ပြင်ဆင်ဖြည့်စွက်ပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ကျောက်မျက်ရတနာကဏ္ဍ နှင့် ဆက်စပ်သည့် ဦးစီးဌာနများ၏ သဘောထားမှတ်ချက်အကြံပြုချက်များကို ၂၁.၈.၂၀၁၉ ရက်နေ့ နောက်ဆုံးထားပြန်ကြားပေးရန် သဘောထားမှတ်ချက် တောင်းခံခဲ့ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ကျောက်မျက်ရတနာကဏ္ဍနှင့်ဆက်စပ်သည့် ဦးစီးဌာနများမှ ပေးပို့လာသည့် သဘောထားမှတ်ချက်နှင့် အကြံပြုချက်များကို အသေးစိတ် လေ့လာစိစစ်သုံးသပ်ပြီး ဥပဒေရှုထောင့်မှ စိစစ်အကြံပြုပေးပါရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ သဘောထားမှတ်ချက် တောင်းခံခဲ့ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးက သဘောထား မှတ်ချက်ပြုရန် မရှိပါကြောင်း ၂၅.၂.၂၀၂၀ ရက်နေ့တွင် ပြန်ကြားခဲ့ပါကြောင်း။
ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ပြန်ကြားချက်အတိုင်း ပြင်ဆင်ပြုစုထားသည့် မြန်မာ့ကျောက်မျက် ရတနာနည်းဥပဒေများ(မူကြမ်း)ကို အတည်ပြုနိုင်ရေးအတွက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးကော်မတီသို့ ၅.၃.၂၀၂၀ ရက်နေ့တွင် တင်ပြခဲ့ရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီမှ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံရေးနှင့် လုံခြုံရေးဌာနကြီးသို့ ၁၂.၃.၂၀၂၀ ရက်နေ့တွင် ပေးပို့ထားပါကြောင်းနှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ၏ ဆုံးဖြတ်ချက်ရရှိပါက ပြည်ထောင်စု အစိုးရအဖွဲ့သို့တင်ပြပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်နှင့်အညီ မြန်မာ့ ကျောက်မျက်ရတနာနည်းဥပဒေများကို အတည်ပြုထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။